ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ ဩဂုတ် ၃၁ ရက်)

လူ့ခန္ဓာကိုယ် ရှင်သန်ဖို့အတွက် သွေးဟာ မရှိမဖြစ် လိုအပ်ပါတယ်။ သွေးထွက်လွန်တဲ့ လူနာတွေကို သွေးသွင်းပြီး အသက်ကယ်နိုင်ပေမဲ့ အုပ်စုတူညီတဲ့ သွေးကိုပဲ သွင်းလို့ရပါတယ်။ သွေးအုပ်စုကို ခွဲခြားတဲ့အခါမှာ အေသွေး (A)၊ ဘီသွေး (B)၊ အေဘီသွေး (AB) နဲ့ အိုသွေး (O) ဆိုပြီး လေးမျိုးရရှိပါတယ်။

အေဘီအို -သွေးအုပ်စုခွဲခြားခြင်းက သွေးသွင်းကုသခြင်းအတွက်သာမက မိဘနှင့်သားသမီး ဗီဇ ဆက်နွယ်ခြင်း(မျိုးရိုး)ကိုလည်း ရှင်းပြနိုင်တဲ့ ဇီဝအမှတ်အသားပါပဲ။

ABO သွေးအုပ်စုခွဲခြားခြင်းဟာ သွေးသွင်းကုသမှုအတွက်သာမက၊ မိဘနဲ့ သားသမီးကြား မျိုးရိုးဗီဇ ဆက်နွယ်မှုကိုလည်း ရှင်းပြနိုင်တဲ့ အရေးပါတဲ့ ဇီဝအမှတ်အသားတစ်ခုပါပဲ။

🟥ABOသွေးအုပ်စုဆိုတာ ဘာလဲ?

ABO သွေးအမျိုးအစားတွေကို သွေးနီဥ (Red Blood Cell) ရဲ့ မျက်နှာပြင်ပေါ်မှာရှိတဲ့ ပဋိပစ္စည်း (Antigen) အမျိုးအစားအလိုက် ခွဲခြားပါတယ်။ ဒီပဋိပစ္စည်းနှစ်မျိုးဖြစ်တဲ့ အေ (A) နဲ့ ဘီ (B) ဆိုတာဟာ မိဘနှစ်ပါးဆီကနေ လက်ဆင့်ကမ်းရရှိတဲ့ မျိုးရိုးဗီဇကြောင့် ဖြစ်လာတာပါ။

A သွေးအုပ်စုရှင်များက သွေးနီဥ၏ မျက်နှာပြင်တွင် A အန်တီဂျင် (ပဋိပစ္စည်း) ရှိနေပါတယ်။ B အန်တီဂျင် (ပဋိပစ္စည်း ) ရှိနေတဲ့ သွေးအုပ်စုကတော့ B သွေးပိုင်ရှင်တွေပဲဖြစ်ပါတယ်။ A နှင့် B အန်တီဂျင်(ပဋိပစ္စည်း) နှစ်မျိုးလုံးရှိနေရင်တော့ ABသွေးလို့ သတ်မှတ်ပါတယ်။

သွေးနီဥ၏ မျက်နှာပြင်မှာ အန်တီဂျင်(ပဋိပစ္စည်း)A ရော B ပါ မရှိနေတဲ့သွေးအုပ်စုကတော့ O သွေးအုပ်စု ရယ်လို့ဖြစ်လာပါတယ်။

‌မြန်မာနိုင်ငံမှာတော့ နိုင်ငံသားကဒ် မှတ်ပုံတင်မှာ သွေးအမျိုးအစားကို ထည့်သွင်းမှတ်တမ်း တင်ပါ တယ်။သွေးအုပ်စုမှန်ကန်စွာ သိရှိထားပါက အရေးပေါ်အခြေအနေများ၊ ခွဲစိတ်မှုများ၊ သွေးသွင်းရန် လိုအပ်သည့်အခြေအနေများတွင် အင်မတန်မှ အထောက်အကူဖြစ်ပါတယ်။ သွေးမတူညီသူများအား သွေးသွင်းမိပါက ကိုယ်ခံအားစနစ်က သွေးကို ပြင်ပပစ္စည်းတစ်ခုလို သတ်မှတ်ပြီး တိုက်ခိုက်ပါတယ်။ သွေးမတည့်ဖြစ်တာကြောင့် အသက်အန္တရာယ်ရှိတဲ့ အခြေအနေအထိ ဆိုးသွားနိုင်ပါတယ်။

🟥အေသွေးပိုင်ရှင်များ(Blood group A)

အေသွေးအုပ်စုပိုင်ရှင်များက သွေးနီဥမျက်နှာပြင်ပေါ်တွင် A အန်တီဂျင် (ပဋိပစ္စည်း) ရှိနေပါတယ်။ B အန်တီဂျင်ကို ပြန်တိုက်ထုတ်မယ့် ဘီ-အန်တီဘော်ဒီ(B antibody ) ကို ပိုင်ဆိုင်ထားပါတယ်။ B အန်တီဂျင် ရှိနေတဲ့ “ဘီသွေး အေဘီသွေး” များ သွင်းမိပါကအသက်အန္တရာယ်ရှိသည်အထိ တွေးမတည့်ခြင်းဖြစ်စဉ် ဖြစ်ပွားပါတယ်။ သဘောသဘာဝအရ အစာအိမ်ကင်ဆာ ဖြစ်နိုင်ခြေက အခြားသွေးအုပ်စုများနှင့် ယှဉ်လျှင် ဖြစ်နိုင်‌ချေများကြောင်း သု‌တေသနပြု တွေ့ရှိထားကြပါတယ်။

ပန်ကရိယကင်ဆာ၊ ရင်သားကင်ဆာ၊ သားဥအိမ်ကင်ဆာ၊ အသက်ရှူအာ‌ခေါင်အင်္ဂါကင်ဆာများ၊ နှလုံးနှင့်သွေးကြောဆိုင်ရာရောဂါများ၊ သွေးအတွင်းသွေးခဲခြင်းရောဂါ၊ လေဖြတ်ရောဂါ၊ ဆီးချိုသွေးချို ရောဂါ၊ “stress hormone” ဖိစီးမှုဟော်မုန်းများသည့်အခြေအနေ၊ “Rheumatoid Arthritis” လေးဘက်နာရောဂါ ဖြစ်ပွားမှုတွေကို “အို”သွေးအုပ်စုများထက်ပိုပြီး “အေ”သွေးပိုင်ရှင်တွေမှာ ခံစားရပါတယ်။

🟥ဘီသွေးပိုင်ရှင်များ(Blood group B)

ဘီသွေးသမားတွေရဲ့ သွေးနီဥမျက်နှာပြင်ပေါ်တွင် B အန်တီဂျင် (ပဋိပစ္စည်း) ရှိနေပါတယ်။အေ-အန်တီဘော်ဒီ(A antibody ) ကို ပိုင်ဆိုင်ထားတာ‌ကြောင့် A အန်တီဂျင် ပါဝင်တဲ့ သွေးများကို မှားယွင်းသွင်းမိရင် ခန္ဓာကိုယ်တွင်း ပြင်းထန်တဲ့ ကိုယ်ခံအားတိုက်ထုတ်မှုကြုံရပြီး အသက်အန္တရာယ် ရှိပါတယ်။ ဒါကြောင့် Bသွေးလူနာကို “အေသွေး အေဘီသွေး” များ လုံးဝမသွင်းရပါ။

ဘီသွေးပိုင်ရှင်များက ဆီးကြိတ်ကင်ဆာ ဆီးအိမ်ကင်ဆာ ဖြစ်နိုင်ပိုခြေများပါတယ်။ နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါများ၊ သွေးအတွင်းသွေးခဲခြင်းရောဂါ၊ လေဖြတ်ရောဂါ၊ ဆီးချိုသွေးချိုရောဂါ ဖြစ်ပွားရခြင်း နှင့် ကိုဗစ်ရောဂါကြောင့်အသက်သေဆုံးရခြင်း တွေကို “အို”သွေးအုပ်စုများထက်ပိုပြီး “ဘီ”သွေးပိုင်ရှင်တွေမှာ ခံစားရကြောင်း ဆေးမှတ်တမ်းပြုစုသုတေသနများအရ တွေ့ရှိထားကြပါတယ်။

🟥အေဘီသွေးပိုင်ရှင်များ(Blood group AB)

အေဘီသွေးသမားတွေရဲ့ သွေးနီဥမျက်နှာပြင်ပေါ်တွင် A အန်တီဂျင် B အန်တီဂျင် (ပဋိပစ္စည်း) နှစ်မျိုးရှိနေပါတယ်။အန်တီဘော်ဒီ( antibody ) အေနှင့် ဘီ နှစ်မျိုးလုံးမထွက်ပါ။ မည်သည့်သွေးသွင်း သည်ဖြစ်ပါစေ ABO သွေးသွင်းကိုယ်ခံအားပြင်းထန် တုံ့ပြန်ခြင်း အဖြစ်နည်းပါတယ်။ ဒါကိုပဲ Universal recipient သွေးအမျိုးအစားအားလုံး လက်ခံနိုင်တဲ့ သွေးအုပ်စုလို့ခေါ်ပါတယ်။‌

အေဘီသွေးများက သွေးလွန်တုပ်သွေး‌ရောဂါ၊ ပြင်းထန်အသက်ရှူလမ်းကြောင်းရောဂါ (SARS) တွေကို အခြားသွေးအုပ်စုများထက် ပိုဖြစ်ပါတယ်။ ကာလဝမ်းရောဂါ၊ ပလိပ်ရောဂါ၊ ငှက်ဖျားရောဂါ ခံနိုင်ရည်ကို ပိုရှိပြီး နှလုံးနှင့်သွေးကြောဆိုင်ရာရောဂါများ လေဖြတ်ရောဂါ သွေးတွင်းသွေးခဲခြင်းရောဂါ များဖြစ်ပွားရခြင်းတွေမှာ “အို”သွေးအုပ်စုထက်ပိုပြီး များပါတယ်။ ကိုဗစ်ရောဂါကြောင့် ထိခိုက်ရခြင်း များလည်း အေဘီသွေးက အိုသွေးထက်ပို၍ ဖြစ်ကြကြောင်း ဆေးပညာဆိုင်ရာသုတေသနတွေက ဖော်ပြထားပါတယ်။

🟥အိုသွေးပိုင်ရှင်များ(Blood group O )

အိုသွေးသမားတွေရဲ့ သွေးနီဥမျက်နှာပြင်ပေါ်တွင် A အန်တီဂျင် B အန်တီဂျင် (ပဋိပစ္စည်း) နှစ်မျိုးလုံး မပါရှိပါဘူး။ အန်တီဘော်ဒီ( antibody ) အေနှင့် ဘီ နှစ်မျိုးလုံးထွက်ပါတယ်။။ အိုသွေးမဟုတ်တဲ့ အခြားမည်သည့် သွေးသွင်းသည်ဖြစ်ပါစေ သွေးသွင်းကိုယ်ခံအားပြင်းထန် တုံ့ပြန်ခြင်းဖြစ်ပါတယ်။ အိုသွေးသမားတွေရဲ့ သွေးကို ဘယ်သွေးအုပ်စုကိုမဆို သွင်း၍ ရနိုင်တာကြောင့် အိုသွေးကို Universal Donar သွေးလှူရှင်ရယ်လို့ ခေါ်ပါတယ်။

အိုသွေးပိုင်ရှင်တွေကတော့ ကာလဝမ်းရောဂါ၊ ပလိပ်ရောဂါ၊ ချောင်းဆိုးသွေးပါတီဘီရောဂါ ပိုမို ဖြစ်ပွားပါတယ်။ အစာအိမ်ကင်ဆာဖြစ်ပွားမှုနှုန်း လျော့နည်းပါတယ်။ နှလုံးရောဂါ ဖြစ်ပွားမှုနှုန်း လျော့နည်းပါတယ်။ ကိုဗစ်ကြောင့် အသက်ဆုံးရှုံးရသည့်အရေအတွက်လည်း အိုသွေးတွေမှာ နည်းပါး ပါတယ် ဆိုပြီး ကျန်းမာရေးဆိုင်ရာသုတေသတွေမှာ မှတ်တမ်းတင်ထားပါတယ်။

🟥ABOသွေးအုပ်စုနှင့် မျိုးရိုးဆက်ခံခြင်း

ABO သွေးအုပ်စုအကြောင်းနားလည်ထားရင် မျိုးရိုးဆက်ခံခြင်းကို တွက်ချက်နိုင်ပါတယ်။ ကိုယ့်သွေး အမျိုးအစားကို အဖေ နှင့် အမေထံက ရရှိတဲ့ မျိုးရိုးဗီဇ (Gene)က ဆုံးဖြတ်ပါသည်။ ABO Gene သွေးအုပ်စုဗီဇက (ဗီဇပစ္စည်း)ခရိုမိုဇုမ်းနံပါတ် ၉ ပေါ်မှာ တည်ရှိနေပါတယ်။

ABO သွေးအုပ်စုကို ဖြစ်ပေါ်စေသော မျိုးရိုးဗီဇ သုံးခုရှိပါတယ်။ A(အေ)ဗီဇခွဲ ၊ B(ဘီ)ဗီဇခွဲ နှင့် O(အို)ဗီဇခွဲ တို့ဖြစ်ပြီး သွေးအုပ်စုအမျိုးအစားခွဲခြားနိုင်ဖို့ ဖြစ်ပေါ်လာရတဲ့အန်တီဂျင် (ပဋိပစ္စည်း) Aကိုဖန်တီးနိုင်ခြင်း ၊ Bကို ဖန်တီးနိုင်ခြင်း နှင့် အန်တီဂျင်A‌ရောBပါမဖန်တီးနိုင်ခြင်း စွမ်းရည်များကိုဖြစ်ပေါ်စေပါတယ်။ မျိုးရိုးဗီဇများ ပေါင်းစပ်ခြင်း အတိုင်း လူတစ်ဦး၏ သွေးအမျိုးအစားကို တွက်ချက်နိုင်ပါတယ်။ Aဗီဇခွဲနှ‌င့် Bဗီဇခွဲ က Oဗီဇခွဲ ကို လွမ်းမိုးနိုင်သည့် စွမ်းရည်ရှိပါတယ်။

“အေ”သွေးကလေး မွေးဖွားခြင်း
-မိဘ ထံမှ အေ-ဗီဇခွဲ တစ်ခု အို–ဗီဇခွဲ တစ်ခု ရရှိသည့် (အေ က အိုကို လွှမ်းမိုးလိုက်ပြီး) သားသမီးသည် “အေ”သွေးအဖြစ်မွေးဖွားလာမည်ဖြစ်ပါတယ်။ ဖေဖေရော မေမေရော အေဗီဇခွဲ ကို သားသမီးက မျိုးရိုးဆက်ခံသည့်အခါတွင် “အေ”သွေးအဖြစ်သာမွေးဖွားလာမှာဖြစ်ပါတယ်။

“ဘီ”သွေးကလေး မွေးဖွားခြင်း
-မိဘ ထံမှ ဘီ-ဗီဇခွဲ တစ်ခု အို–ဗီဇခွဲ တစ်ခု ရရှိသည့် (ဘီ က အိုကို ဗီဇလွှမ်းမိုးလိုက်ပြီး) သားသမီးသည် “ဘီ”သွေးဖြစ်ပါလိမ့်မယ်။ ဖေဖေ မေမေ နှစ်ယောက်လုံးဆီမှ ဘီ-ဗီဇခွဲ ကို သားသမီးကို ပေတဲ့အခါ ကလေးက “ဘီ”သွေးဆက်ခံရပါမယ်။

“အေဘီ”သွေးကလေး မွေးဖွားခြင်း
-မိဘ ထံမှ အေ-ဗီဇခွဲ တစ်ခု ဘီ–ဗီဇခွဲ တစ်ခု ရရှိသည့် သားသမီးသည် “အေဘီ”သွေးဖြစ်ပါလိမ့်မယ်။

“အို”သွေးကလေး မွေးဖွားခြင်း
-ဖေဖေ မေမေ နှစ်ယောက်လုံးထံမှ အို-ဗီဇခွဲ ကို သားသမီးကရတဲ့အခါ ကလေးက “အို”သွေး အဖြစ်မွေးလာပါတယ်။

🟥မျိုးရိုးဆက်ခံခြင်းဥပမာများ

အဖေ အမေ စုံတွဲနှင့် သားသမီး သွေးအုပ်စုဆက်နွယ်ခြင်းကို ဥပမာပေး ချိတ်ဆက်ပြပါမယ်။ အေ‌သွေး_အေသွေး စုံတွဲမှ မွေးဖွားလာတဲ့ကလေးသည် အေသွေးဖြစ်နိုင်ခြေများပြီး အိုသွေးဖြစ်နိုင် ခြေရှိပါတယ်။ သို့သော် အေဘီသွေးနှင့် ဘီသွေးကလေးငယ် လုံးဝမဖြစ်နိုင်ပါ။

အေ‌သွေး_ဘီသွေး စုံတွဲမှ မွေးဖွားလာတဲ့ကလေးသည် အေသွေး ၊ ဘီသွေး ၊ အေဘီသွေး ၊ အိုသွေး အကုန် ဖြစ်နိုင်ပါတယ်။

အေသွေး_ အေဘီသွေး စုံတွဲမှမွှေးလာတဲ့ ရင်သွေးငယ်တွေမှာ အေသွေး အေဘီသွေး မွေးဖွားနိုင်ခြေသိပ်များပါတယ်။ ဘီသွေး မွေးဖွားနိုင်ခြေအနည်းငယ်ရှိပါတယ်။ သို့သော် အိုသွေး ကလေးတော့မရနိုင်ပါ။

အေသွေး_အိုသွေး စုံတွဲမှပေါက်ဖွားလာတဲ့ ရင်သွေးငယ်တွေကတော့ အေသွေး နှင့် အိုသွေးသာ ဖြစ်နိုင်ခြေရှိပါတယ်။ အေဘီသွေးနှင့် ဘီသွေးကလေးငယ် လုံးဝမမွေးပါ။

ဘီသွေး_ဘီသွေး စုံတွဲမှ မွေးဖွားလာတဲ့ကလေးသည် ဘီသွေးဖြစ်နိုင်ခြေများပြီး အိုသွေးဖြစ်နိုင်ခြေ ရှိပါတယ်။ သို့သော် အေဘီသွေးနှင့် အေသွေးကလေးငယ် လုံးဝမဖြစ်နိုင်ပါ။

ဘီသွေး_ အေဘီသွေး စုံတွဲမှရလာတဲ့ ရင်သွေးငယ်တွေမှာ ဘီသွေး အေဘီသွေး မွေးဖွားနိုင်ခြေသိပ် များပါတယ်။ အေသွေး မွေးဖွားနိုင်ခြေအနည်းငယ်ရှိပါတယ်။ သို့သော် အိုသွေး ကလေးတော့မရနိုင်ပါ။

ဘီသွေး_အိုသွေး စုံတွဲမှပေါက်ဖွားလာတဲ့ ရင်သွေးငယ်တွေကတော့ ဘီသွေး နှင့် အိုသွေးသာ ဖြစ်နိုင်ခြေရှိပါတယ်။ အေဘီသွေးနှင့် အေသွေးကလေးငယ် လုံးဝမမွေးပါ။

အေ‌ဘီသွေး_အေဘီသွေး စုံတွဲမှ မွေးဖွားလာတဲ့ကလေးသည် အေဘီသွေး မွေးဖွားနိုင်ခြေများပါတယ်။ အေသွေး ဘီသွေးကလေးလည်း မွေးနိုင်‌ချေရှိပါတယ်။ သို့သော်အိုသွေးကလေး လုံးဝမမွေးနိုင်ပါ။

အေ‌ဘီသွေး_အိုသွေး စုံတွဲမှ မွေးဖွားလာတဲ့ကလေးတွေကတော့ သိပ်ကို ထူးဆန်းပါတယ်။ သားသမီး တွေက အေသွေးနဲ့ ဘီသွေးသာဖြစ်နိုင်ပါတယ်။ မိဘကဲ့သို့ အေဘီသွေးနဲ့အိုသွေး လုံးဝမဖြစ်နိုင်ပါ။

အိုသွေး_အိုသွေး စုံတွဲမှ မွေးဖွားလာတဲ့ကလေးတွေကတော့ အိုသွေးသားသမီးများသာဖြစ်ပါမယ်။ လုံးဝ (လုံးဝ) အခြားသွေးအုပ်စုများမဖြစ်နိုင်ပါ။

ကိုယ့်သွေးအမျိုးအစားကို မသိသေးပါက ဆရာဝန် နှင့် ကျန်းမာရေး ဝန်ထမ်း‌တွေကို တိုင်ပင်ဆွေးနွေးကာ သွေးကို ဓာတ်ခွဲစစ်ဆေး သွေးအုပ်စုရှာဖွေနိုင်ပါတယ်။ သွေးအုပ်စုအမျိုးအစားကို သိထားခြင်းဖြင့် သင့်ကျန်းမာရေးအတွက်ရော၊ သွေးလှူခြင်းကိစ္စများအတွက်ရော၊ သွေးသွင်းရန် လိုအပ်သော အခြေအနေမျိုးတွင်ပါ အသုံးဝင်ပါတယ်။

လူတစ်ဦးချင်းစီ၏ သွေးအမျိုးအစားဆိုတာ မိဘနှစ်ပါးထံမှ မျိုးရိုးဆက်ခံခွင့်ရတဲ့ အမွေဖြစ်ကြောင်း အသိပညာပေးလိုက်ပါတယ်။ နောက်တစ်ပါတ်မှာတော့ “စနစ်တကျ အဖျားတိုင်းတာခြင်းနည်း” ကျန်းမာရေးဆောင်းပါးကို ဖော်ပြပြီးမှဖြစ်ပါတယ်။ ဧရာဝတီတိုင်းမ် ပရိသတ်များအားလုံးလည်း ဘေးဘယာကင်းကွာပြီး ကျန်းမာရွှင်လန်းကြပါစေ။

#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #ABOသွေးအုပ်စု #မျိုးဗီဇဆက်နွယ်မှု #ကျန်းမာရေးဆောင်းပါး #Ayeyarwaddy_Times