
ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၃ ရက်
တော်လှန်ရေးတပ်ဖွဲ့ထိန်းချုပ်ထားသည့် မန္တလေး၊ သပိတ်ကျင်းမြို့ကို စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်လာရာ မြို့၏နေရာတချို့ကို လက်လွှတ်ခဲ့ရကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် ယမန်နေ့ ဇူလိုင် ၂၂ ရက်နေ့ညပိုင်းက သပိတ်ကျင်းမြို့အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာ၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့မှ နေရာအချို့ကို လက်လွှတ်ခဲ့ရ ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။
စစ်ကောင်စီတပ်များသည် မြို့အနားထိရောက်ရှိကာ စစ်ကြောင်းထိုးတိုက်ခိုက်ခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့များမှ ခုခံတိုက်ခိုက်ရင်း မြို့၏ နေရာအချို့ကို လက်လွှတ်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
“မန္တလေးအထိကြားရတယ် တအုန်းအုန်းနဲ့ပေါက်ကွဲသံတွေ။ ခုမနက်တော့ သပိတ်ကျင်းကိုပြန်ရသွားပြီ ကြားတယ်”ဟု မန္တလေးမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
သပိတ်ကျင်းမြို့ကို ယနေ့ ဇူလိုင် ၂၃ ရက်နံနက်ပိုင်းတွင် စစ်ကောင်စီတပ်မှ ပြန်လည်ထိန်းချုပ်နိုင်ပြီ ဖြစ်ကြောင်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်များတွင် ဓာတ်ပုံများနှင့်အတူ ဖော်ပြထားသည်ကို တွေ့ရသည်။
တော်လှန်ရေးတပ်ဖွဲ့များသည် အဆိုပါသပိတ်ကျင်းမြို့ကို ၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီတပ်သည် လက်လွှတ်ဆုံးရှုံးထားရသည့် နယ်မြေများကို မြေပြင်စစ်ကြောင်းအပြင် လေကြောင်း၊ ရေကြောင်းတို့မှ အရှိန်မြှင့်ထိုးစစ်ဆင်တိုက် ခိုက်နေပြီး စစ်ကောင်စီ၏ ရွေးကောက်ပွဲအမီ ပြန်လည်ထိန်းချုပ်ရယူနေခြင်းဖြစ်သည်။
ဓာတ်ပုံ-စစ်ကောင်စီ