ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၉ ရက်

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ လေးမျက်နှာနှင့် အင်္ဂပူမြို့နယ်အစပ်ရှိ ကျေးရွာများကို စစ်ကောင်စီက Y 12 ဖြင့် ဗုံးကြဲချတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

ယနေ့ ဇူလိုင် ၁၉ ရက် နံနက် ၇ နာရီဝန်းကျင်ခန့်တွင် လေးမျက်နှာနှင့် အင်္ဂပူမြို့နယ်အစပ်ရှိ ကျေးရွာငါးရွာထက်မနည်းကို စစ်ကောင်စီက လေကြောင်းမှနေ၍ ဗုံးကြဲချတိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ နေအိမ်ပျက်စီးမှုနှင့် ထိခိုက်မှုများပြားနိုင်ကြောင်း စစ်ရေးသတင်းရင်း မြစ်က ပြောသည်။

“လေကြောင်းက ဆက်တိုက်လာပြီး ဗုံးကြဲနေတာ။ ခုရွာတွေထဲက လယ်တံငယ်ရွာဆိုရင် မနေ့ကလည်း လာကြဲတာ ခံရတယ်။ ဒီမနက်လည်း ထပ်လာကြဲတာ။ အသေးစိတ်တော့မသိရသေးဘူး”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် ယနေ့နံနက်ပိုင်းတွင် လေးမျက်နှာနှင့် အင်္ဂပူအစပ်ရှိ ပန်းတောကြီး၊ လယ်တံငယ်၊ ကျောက်စရစ်ကုန်း၊ ရေဖြူ၊ ထောက်ကြံ့ကွင်း၊ စောပြာ၊ ကျားကိုက်ကျေးရွာများကို လေကြောင်းမှ ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ ထိခိုက်ပျက်စီးမှုများပြားနိုင်သည်ဟုဆိုသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဇူလိုင် ၁၃ ရက်နေ့ကလည်း ငါးသိုင်းချောင်းမြို့နယ်ဘက်မှ‌နေ၍ လေးမျက်နှာဘက်သို့ စစ်သုံးကားကြီး နှစ်စီးအပြည့်ဖြင့် စစ်ကူဖြည့်ထားကာ အလယ်ကျွန်းရွာ(သောင်ဘုတ်ရွာ)အနီး ဘုန်းတော်ကြီးကျောင်းတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ တပ်စွဲထားပြီး စစ်ရှောင်များကို နှင်ထုတ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီက လေးမျက်နှာမြို့နယ်အပြင် အင်္ဂပူမြို့နယ် ကွင်းကောက်ဘက်ကိုလည်း စစ်အင်အားဖြည့်တင်းမှုများ ပြုလုပ်လျက်ရှိပြီး ပြီးခဲ့သည့် ဇူလိုင် ၁၁ ရက်နေ့တွင် ဓနုဖြူမြို့နယ် ခလရ ၁၀၈ တွင် စုဆောင်းထားသော စစ်မှုထမ်းသစ်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကားရှစ်စီးဖြင့် ကွင်းကောက်မြို့ဘက်သို့ ပို့ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ငါးသိုင်းချောင်းအမြောက်တပ်မှနေ၍ လေးမျက်နှာမြို့နယ်၊ စက်စက်ယိုနှင့် ချင်းလယ်ရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း သိရသည်။