ဧရာ၀တီတိုင်းမ်
(မန္တလေး)ဇွန် ၁၉ ရက်

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့် မွေးနေ့အထိမ်း အမှတ် ပန်းသပိတ်လှုပ်ရှားမှုကို ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် မန္တလေးမြို့လယ်၌ ပြုလုပ်ခဲ့ကြောင်း ဒေါက်တာတေဇာဆန်းက ၎င်း၏ လူမှုကွန်ရက်တွင် မျှဝေထားသည်။

စစ်ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်၏ ၈၀ ပြည့်မွေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် ပြည်သူများနှင့်အတူ ပူးပေါင်းပါဝင် ဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒေါက်တာတေဇာဆန်းက ဒေါ်အောင်ဆန်းစုကြည်သည် ယုံကြည်ချက်အတိုင်း တိုင်းပြည်လွတ်မြောက်ရေးအတွက် ဆက်လက်ကြိုးပမ်းနေဆဲဖြစ်ကြောင်း၊ ထောင်တွင်းမှ ခေါင်းဆောင်များနှင့် ရဲဘော်များ တိုက်ပွဲဝင်နေချိန်တွင် ပြည်သူလူထုအနေဖြင့်လည်း တော်လှန်ရေးမှတစ်ပါး အခြားမရှိကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် တော်လှန်ရေးသည် စစ်ရေးတစ်မျိုးတည်းဖြင့် အောင်မြင်နိုင်မည်မဟုတ်ဘဲ သံတမန်ရေး၊ ဘဏ္ဍာရေး၊ စိတ်ဓာတ်ရေးရာတိုက်ပွဲများနှင့် လူထုလှုပ်ရှားမှုများကလည်း အရေးကြီးကြောင်း ဒေါက်တာတေဇာဆန်းက အလေးပေးပြောဆိုခဲ့သည်။

နိုင်ငံတစ်ဝန်း လွတ်မြောက်ရေးအတွက် ပြည်သူအားလုံးတွင် တာဝန်ရှိပြီး ကျရာကဏ္ဍ၊ နိုင်ရာတာဝန်မှ တော်လှန်ရေးတွင် အစွမ်းကုန် ဆက်လက်ပါဝင်ကြရန်လည်း ၎င်းက နှိုးဆော် တိုက်တွန်းခဲ့သည်။

#မန္တလေး #ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ #ပန်းသပိတ်ဆင်နွှဲ #တော်လှန်ရေး #ဆက်လက်ဆင်နွှဲရန် #ဒေါက်တာတေဇာဆန်း #Ayeyarwaddy_Times