ဧရာဝတီတိုင်းမ်
ဇွန် ၁ ရက်

ကရင်ပြည်နယ်၊ မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ တပ်ရင်းကို တော်လှန်ရေးတပ်ဖွဲ့များက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ မေ ၃၁ ရက် ည ၇ နာရီအချိန်ခန့်မှစပြီး ခလရ ၂၇၅ အတွင်းကို တော်လှန်ရေးတပ်များက လက်နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ည ၇ နာရီကတည်းက လက်နက်ကြီးတွေနဲ့ စပစ်တာ။ ည ၁၀ နာရီအထိ ပစ်ခတ်နေတုန်းပဲ။ လက်နက်ကြီး ၁၀ လုံးလောက်ထိ တပ်ရင်းထဲ ကျတယ်လို့ သတင်းရထားတယ်” ဟု သင်္ဃန်းညီနောင်အနီးနေထိုင်သူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ထိုင်း-မြန်မာနယ်စပ်ရှိ ဘလက်ဒို စခန်းသိမ်းတိုက်ပွဲတွင် ထိုင်းနိုင်ငံအတွင်း ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ကျော်ကို ထိုင်းစစ်တပ်က မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ အတွင်းကို မေ ၂၈ ရက်နေ့က ပြန်ပို့ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မေ ၂၇ ရက်နေ့ကလည်း သေ့ဘောဘိုးဗျူ ဟာတပ်စခန်းကို စစ်ကူလာသည့် စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးရာ ထိုင်းစစ်တပ်က အဆိုပါတပ်ဖွဲ့ဝင်များကို ခလရ ၂၇၅ အတွင်း ပြန်လည်ပို့ဆောင်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များ ခလရ ၂၇၅ အတွင်း စုမိနေသည့်အတွက် တော်လှန်ရေးတပ်ဖွဲ့များက ခလရ ၂၇၅ ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“လက်ရှိ သေ့ဘောဘိုးကိုထိုးစစ်စနေပါတယ်။ နယ်စပ်စခန်းအသီးသီးက တပ်သားတွေ ထိုင်းဘက်ကို ထွက်ပြေးသွားကြတာ။ ထိုင်းတပ်က BGF ကနေတစ်ဆင့်ပြန်လွှဲပေးတာ။ ခုသူတို့နယ်မြေခံတပ်ရင်းတွေမှာ ပြန်ရောက်နေပြီ”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယမန်နေ့ မေ ၃၁ ရက် ညနေ ၆ နာရီအချိန်ခန့်က ခလရ ၂၇၅ အတွင်း စုမိနေသည့်စစ်ကြောင်းမှာ သင်္ဃန်းညီနောင် စစ်ဗျူဟာကုန်းဘက်သို့ စစ်ကြောင်းထိုးထွက်လာကြောင်း သိရသည်။

စစ်ကောင်စီ၏ အဆိုပါစစ်ကြောင်းကို မြဝတီမြို့နယ်၊ ရွှေမြစန္ဒီကွက်သစ်အနောက်ဘက် တုံးတံတားနေရာတွင် KNLA တပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

ဓာတ်ပုံ-KNU

#ကရင် #မြဝတီ #‌မြို့စောင့်တပ် #ခလရ ၂၇၅ #တော်လှန်ရေး #ပူးပေါင်းတပ် #လက်နက်ကြီး #ပစ်ခတ် #Ayeyarwaddy_Times