ဧရာဝတီတိုင်းမ်
မေ ၁၅ရက်

ရခိုင်ပြည်နယ်၊ အာရက္ခတပ်တော် (AA) ထိန်းချုပ်နယ်မြေဖြစ်သည့် ကျောက်တော်မြို့ကို စစ်ကောင်စီက ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် ယနေ့ မေ ၁၅ရက် မွန်းလွဲ ၂နာရီခန့်တွင် ကျောက်တော်မြို့ ၊ ရွာမရပ်ကွက်ကို ပေါင် ၅၀၀ဗုံးများဖြင့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိတွင် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ခုနစ်ဦးသေဆုံးပြီး လေးဦးထက်မနည်း ဒဏ်ရာရရှိထားကြောင်း ရခိုင်သတင်းရင်းမြစ်ထံမှ ကနဦးအနေဖြင့် သိရသည်။

“ပေါင် ၅၀၀ဗုံးရော အတွဲလိုက်ဗုံးတွေနဲ့ပါ ကြဲချတယ်လို့သိရတယ်။ မနေ့က အကြဲခံရတဲ့ရပ်ကွက်ပဲတဲ့။ လူအသေအပျောက်တော့ တိတိကျကျ မသိသေးဘူး။ ထပ်လာပြီး ဗုံးကြဲမှာစိုးလို့ မသွားရသေးဘူး” ဟု ကျောက်တော်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် ယမန်နေ့ မေ ၁၄ရက်နေ့ မွန်းလွဲပိုင်းကလည်း အဆိုပါ ရွာမရပ်ကွက်ကိုပင် ပေါင် ၅၀၀ ဗုံးကြဲချတိုက်ခိုက်သည့်အတွက် အမျိုးသမီး သုံးဦး သေဆုံးခဲ့ပြီး ယနေ့တွင်လည်း ပေါင် ၅၀၀ ဗုံး ၂လုံးအပြင် အတွဲလိုက်ဗုံးသီးများပါ ကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မေ ၁၃ရက်နေ့ကလည်း ရသေ့တောင်မြို့နယ်၊ ထွန်းရဝေရွာကို စစ်ကောင်စီက ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ တစ်ဒါဇင်ကျော် သေဆုံးခဲ့သည်။

စစ်ကောင်စီ၏ ဟန်ပြအပစ်ရပ်စဲမှုကာလအတွင်း စစ်ရေးတင်းမာသည့်နယ်မြေများကို စစ်ကြောင်းထိုး ခြင်းနှင့် စစ်ရေးပစ်မှတ်မဟုတ်သည့် နယ်မြေများတွင် အရပ်သားပြည်သူများကို ပစ်မှတ်ထားကာ လေကြောင်းမှ နေ့စဉ်နီးပါး တိုက်ခိုက်လျက်ရှိသည်။

ဓာတ်ပုံ-ABN
ပုံစာ-ယမန်နေ့ မေ ၁၄ရက်က ရွာမရပ်ကွက် ဗုံးကြဲတိုက်ခိုက်ခံထားရစဥ်
#ကျောက်တော် #စစ်ကောင်စီ #ပေါင်၅၀၀ဗုံး #ထပ်မံတိုက်ခိုက် #Ayeyarwaddy_Times