ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဧပြီ ၂၉ ရက်

တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင်၊လောင်းလုံးမြို့ပေါ်တွင် ကင်းလှည့်ထွက်လာသည့် စစ်ကောင်စီ တပ်ကားကို ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား လေး ဦးသေဆုံးသွားကြောင်း ဒေသခံများ နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။

လောင်းလုံးရဲစခန်း မှ ညောင်ပင်လမ်းဆုံဘက်သို့ ကင်းလှည့်ထွက်လာသော စစ်ကောင်စီတပ်ဖွဲဝင် ခြောက်ဦးပါသည့် ကားကို ယမန်နေ့ ဧပြီ ၂၈ ရက် မွန်းလွဲ ၁ နာရီခန့်က လောင်းလုံးမြို့ ပေါ် အထက်တန်းကျောင်းအနီးတွင် တော်လှန်ရေးတပ်များမှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

“ကင်းလှည့်လာတာက ပျူစောထီး ခေါင်းဆောင် မင်းသိန်း ပိုင်တဲ့ကားဗျ။ အဲ့ဒီကား ထဲမှာက အားလုံး ခြောက်ယောက်ပါတယ်။ ကားက အမဲရောင်လေးပါ။ လေးယောက် ကတော့ပွဲချင်းပြီး သေတယ်။ တစ်ယောက်ကတော့ မသေမရှင် ဖြစ်နေတယ်။ နောက်တစ်ယောက်က ထွက်ပြေးလွတ်မြောက်သွားတယ်။ ကားကတော့ ကျွန်တော်တို့ သေနတ် နဲ့ပစ်ထားတာအချက်ရေများတော့ မောင်းလို့ မရတော့ဘူး” ဟု နယ်မြေခံ ရဲဘော် တစ်ဦးက ဧရာဝတီ တိုင်းမ် ကိုပြောသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ ဝင် လေးဦးသေဆုံးပြီး တစ်ဦးမှာ ဒဏ်ရာ အပြင်းအထန်ရရှိကာ စိုးရိမ်ရသည် အခြေအနေတွင် ရှိကြောင်းသိရသည်။

ကင်းလှည့်နေသည် အဆိုပါကားပစ်ခတ်ခံရပြီးနောက် လောင်းလုံး ရဲစခန်းမှနေ၍ လက်နက်ကြီးနှင့် ပြန်လည်ပစ်ခတ်ခဲ့ရာ လောင်းလုံး မြို့ပေါ်ရှိ နေအိမ် သုံးလုံး ထိခိုက် ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“စစ်ကောင်စီတပ်က လက်နက်ကြီးတွေ နဲ့ ပစ်တာအချက်ရေအများကြီးပဲ့။မြို့ပေါ်က နေအိမ် သုံးလုံး တော့ထိသွားတယ်။လူထိခိုက်မှု မရှိလို့တော်သေးတယ်” ဟု လောင်းလုံးမြို့ပေါ် မှ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကင်းလှည့်ထွက်လာသည့်ကားမှာ ပျူစောထီး ဦးမင်းသိန်းပိုင်သည့် ကားဖြစ်ကြောင်းသိရပြီး သေဆုံး မှုမှာ ဦးမင်းသိန်း ပါဝင်ခြင်း ရှိ/မရှိ ကိုမူ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း နယ်မြေခံ ရဲဘော်များ က ဆိုသည်။

#လောင်းလုံး #ကင်းလှည့် #စစ်ကောင်စီတပ်ကား #ပစ်ခတ်တိုက်ခိုက်ခံရ #စစ်ကောင်စီတပ်ဖွဲ့ဝင် #၄ဦးသေဆုံး #Ayeyarwaddy_Times