ကံပေါက် ခလရ ၂၇၃ တ​ပ်က အလုပ်မရှိသူတွေနဲ့ ဆေးသမားတွေကို တပ်ထဲဝင်ရင် သိန်း ၂၀ ချက်ချင်းပေးမယ်လို့ ပြောဆိုစည်းရုံးပေမယ့် ဝင်ရောက်သူမရှိ

ဇွဲနိုင်/ဧရာဝတီတိုင်းမ်

(ရေဖြူ)၊ သြဂုတ်လ ၂၄ ရက်

တနင်္သာရီတိုင်း၊ထားဝယ်ခရိုင်၊ရေဖြူမြို့နယ်၊ ကံပေါက်ဒေသအခြေစိုက် အမှတ် ၂၇၃ ခြေလျင်တပ်ရင်း(ခလရ ၂၇၃) တာဝန်ရှိသူတွေက ကံပေါက်ဒေသအတွင်းက အလုပ်မရှိတဲ့သူတွေတပ်ထဲကိုဝင်ရောက်ဖို့စည်းရုံးနေတယ်လို့ ဒေသခံတွေနဲ့တပ်တွင်းသတင်းရင်းမြစ်တွေဆီကသိရပါတယ်။

ကံပေါက်ဒေသအတွင်းက မူးယစ်ဆေးစွဲနေတဲ့ လူငယ်တွေနဲ့ အလုပ်အကိုင်မရှိတဲ့ အခြားလူငယ်တွေကို စစ်တပ်ထဲကို ဝင်ရင် ငွေကျပ်သိန်း ၂၀ ကနေ ၂၅ သိန်းအထိ ချက်ချင်းလက်ငင်းပေးမှာဖြစ်ပြီး လိုအပ်တာတွေအကုန်ဖြည့်ဆည်းပေးလို့ ပြောဆိုစည်းရုံးတာလို့ ဒေသခံတဦးကပြောပါတယ်။

” ပြီးခဲ့တဲ့ ၁၉ ရက်နေ့ကနေစပြီး အဲ့ဒီ ကံပေါက်တပ်ထဲက လူတွေက လိုက်စည်းရုံးနေတာ၊ ဝင်မယ်ဆိုရင် ချက်ချင်း သိန်း ၂၀ပေးမယ်။ အတန်းပညာရှိရင်ပိုပေးမယ်ဆိုပြီး အလုပ်မရှိတဲ့လူငယ်တွေကို လိုက်စည်းရုံးနေတာ။ အမျိုးမျိုးပေါ့ မက်လုံးတွေပေးပြီးစည်းရုံးနေတာ၊ဘယ်လိုထောက်ပံ့ပေးမယ်၊ဖြည့်ဆည်းပေးမယ်ဆိုပြီး စည်းရုံးတာ”

လို့ ကံပေါက်ဒေသခံတဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

ဒါ့အပြင် တပ်ထဲဝင်ရောက်ပါက နေ့စားခအဖြစ် တပ်မှရှေ့တန်းထွက် တောနင်းလိုက်ရရင် တစ်နေ့ ကျပ် ရှစ်သောင်းမှ တစ်သိန်းအထိပေးမှာဖြစ်တဲ့အပြင် ရွာအတွင်းကင်းလှည့် အတူတူလိုက်ရင် နေ့စားခအဖြစ် ကျပ်

သုံးသောင်းကနေ ငါးသောင်းအထိပေးမှာဖြစ်ပြီး မူးယစ်ဆေးဝါးနဲ့ အရက်ကိုလည်း စိတ်ကြိုက်အသုံးပြုခွင့်ပေးမယ်ဆိုပြီး မက်လုံးပေးစည်းရုံးနေတယ်လို့ဒေသခံတွေကဆိုပါတယ်။

အဲ့ဒီလိုစည်းရုံးနေပေမယ့် ခလရ ၂၇၃ တပ်ကို လူသစ်အဖြစ် ဆက်သွယ် ဝင်ရောက်တဲ့သူမရှိဘူးလို့ ကိုယ်တိုင်စည်းရုံးစုဆောင်းခံရသူ လူငယ်တဦးကအခုလိုပြောပါတယ်။

” အဲ့ဒီတပ်ထဲက ကျနော့်သူငယ်ချင်းက ကျနော့်ကို မင်းတပ်ထဲဝင်မလား ဝင်မယ်ဆို ဘာမှပူစရာမလိုဘူး။ မင်းလိုအပ်ချက်တွေကို တပ်က အကုန်လုံးဖြည့်ဆည်းပေးမယ်ဆိုပြီးပြောတယ်။ ကျနော်တော့ စဥ်းစားအုံးမယ်ဘဲပြောလိုက်တယ်။ ပြည်သူတွေကို ဒီလောက် ဒုက္ခပေးနေတဲ့ စပ်တပ်ထဲကို ငွေဘယ် လောက်ပေးပေး ကျနော် လုံးဝမဝင်ဘူး။

သူတို့လိုက်ပြီးစည်းရုံးကတည်းကလည်း ဝင်သွားတဲ့သူရယ်လို့တယောက်မှမတွေ့၊ မကြားမိဘူး” လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ဒေသခံလူငယ်တဦးက ပြောပါတယ်။

လက်ရှိမှာလည်း ခလရ ၂၇၃ တပ်ရင်းကို တပ်သားအသစ်တချို့ ရောက်ရှိနေပြီး အဲ့ဒီတပ်သားအသစ်တွေကို မူးယစ်ဆေးဝါးတွေ သုံးစွဲခွင့်ပြုထားကြပြီး ထွက်မပြေးအောင်သူတို့စိတ်ကြိုက် လုပ်ခိုင်းထားပြီး တပ်တာဝန်ရှိသူတွေကလည်း ထိန်းချုပ်တာမျိုးမရှိဘူးလို့ တပ်တွင်းသတင်းရင်းမြစ်တဦးကပြောပါတယ်။

ခလရ ၂၇၃ တပ်ရင်းက တပ်ရင်းမှူးဟာ ဗိုလ်မှူး သန်းဌေးအောင် ဆိုသူဖြစ်ပြီး အဲ့ဒီတပ်ရင်းဟာ ကံပေါက်ဒေသအတွင်း လောင်းကစားဝိုင်းနဲ့အခြားတရားမဝင်လုပ်ငန်းတွေကို လိုင်းကြေးယူခွင့်ပြုထားပြီး ငွေကြေးရှာဖွေနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

#ရေဖြူ #ကံပေါက် #တပ်သားသစ် #ခလရ ၂၇၃ #သိန်း ၂၀ #စုဆောင်း #AyeyarwaddyTimes

ဓာတ်ပုံ – စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့( ပုံဟောင်း)။