
ဧရာဝတီတ်ိုင်းမ်
မတ် ၁၄ ရက်
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးက ပြည်သူ့စစ်မှုထမ်းအကြောင်းပြ၍ ဒေသခံများထံက လစဥ်ငွေတောင်းယူနေကြောင်း သိရသည်။
ဘိုကလေးမြို့နယ်၊ အောက်လှဲဆိပ်ကျေးရွာရှိ စစ်ကောင်စီခန့်အုပ်စု အုပ်ချုပ်ရေးမှူးမှာ ဦးစိုးမင်းအောင်ဖြစ်ပြီး ပြည်သူ့စစ်မှုထမ်းအကြောင်းပြ၍ ကျပ်ငွေ နှစ်သောင်းခွဲတောင်းယူနေသည်ဟု ဒေသခံများကပြောသည်။
“စစ်မှုထမ်းအတွက်ဆိုပြီး အိမ်တိုင်းကို လစဥ်ငွေတောင်းတယ်၊ ကင်းစောင့်ဖို့အတွက်၊ ကင်းမစောင့်နိုင်တဲ့ မိန်းမသားပဲရှိတဲ့ အိမ်တွေ၊ မုဆိုးမအိမ်တွေပါမကျန်လစဥ် ကင်းစောင့်ခိုင်းတယ်။ ကင်းမစောင့်နိုင်ရင်ငွေတောင်းတယ်”ဟု အောက်လှဲဆိပ်ကျေးရွာရှိဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ကျေးရွာအတွင်း ကင်းမစောင့်နိုင်သည့် နေအိမ်များကိုလည်း တစ်ညလျှင် ကျပ်ငွေ ခုနှစ်ထောင် ထပ်မံတောင်းယူကြောင်း ဒေသခံများက ပြောဆိုသည်။
ထို့အပြင် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်သည် ၎င်း၏နေအိမ်အတွင်း ဖဲဝိုင်း၊ အနီဒေါင်၊ ရွှေရှမ်း၊ရှမ်းကိုးမီး၊ ညစဉ်ပြုလုပ်လျှက်ရှိကြောင်း သိရသည်။
စစ်ကောင်စီခန့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအများစုသည် ပြည်သူ့စစ်မှုထမ်းအကြောင်းပြ၍ ငွေတောင်းယူမှုများပြုလုပ်နေသော်လည်း ဆွေမျိုးတော်စပ်သူများကို ငွေတောင်းယူမှု မပြုလုပ်သည့်အပြင် ၎င်းတို့နှင့်နီးစပ်သူများ၏ သားသမီးများက်ိုလည်း စစ်မှုထမ်းစာရင်း စစ်ကောင်စီတပ်ထံ အမည်မပေးကြောင်း ဒေသခံများကပြောသည်။
ဧရာဝတီတိုင်းတွင် မြို့နယ် ၂၆မြို့နယ်ရှိပြီး စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးအများစုမှာ ပြည်သူ့စစ်မှုထမ်းအကြောင်းပြ ငွေတောင်းယူမှုများကို ယခင်ကထက် ပိုမိုလုပ်ဆောင်လာကြပြီး ကိုယ်ကျိုးအတွက်အသုံးပြုကာ ကြီးပွားချမ်းနေကြကြောင်း ဧရာဝတီတိုင်းရှိ ဒေသခံများပြောဆိုသည်။
#ဘိုကလေး #ပြည်သူ့စစ်မှုထမ်းအကြောင်းပြ #စစ်ကောင်စီခန့် #အုပ်ချုပ်ရေးမှူး #လစဥ်ငွေတောင်း
#Ayeyarwaddy_Times