ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၉ ရက်
ရခိုင်ပြည်နယ် မြို့သိမ်းတိုက်ပွဲများအဆက်မပြတ်ဖြစ်ပွားနေပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တစ်ခုလုံး လက်လွှတ်ရမည့်အခြေ အနေဖြစ်ပေါ်နေသည့်အတွက် အင်အားမပြည့်မီဘဲ ဖွဲ့စည်းပုံပျက်နေသည့် ပြည်ဒကစရှိ စစ်ကောင်စီတပ်အရာရှိများက စိုးရိမ်နေကြောင်း တပ်သတင်းရင်းမြစ်ထံက သိရသည်။
စစ်တွေဒေသကွပ်ကဲမှုစစ်ဌာနချုပ် (စစ်တွေ-ဒကစ)ကို သိမ်းယူနိုင်ရန် ဝိုင်းပတ်ပိတ်ဆို့ထား နိုင်ပြီဖြစ်ကြောင်း ပြီးခဲ့သည့် ဇူလိုင် ၇ ရက်နေ့ကတည်းက အာရက္ခတပ်တော် (AA) က ထုတ်ပြန်ခဲ့သည်။
ပြည်ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်-ဒကစ) ရှိ လက် အောက်ခံတပ်ရင်း တပ်ဖွဲ့များမှာ လက်နက်အင်အား၊ လူအင်အားပြည့်မီခြင်းမရှိတော့ဘဲ စုဖွဲ့မှုများပင်ပျက်ကာ ဖွဲ့စည်းပုံပျက်သည့်အခြေ အနေပင်ရောက်နေသည့်အတွက် ပန်းတောင်းမှတစ်ဆင့် တော်လှန်ရေးတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်မည်ကို ဒကစမှူးနှင့် လက်အောက်စစ်အရာရှိများက စိုးရိမ်နေကြကြောင်း သိရသည်။
“ပြည်ဒကစက အခြားဒကစတွေလောက် စစ်ရေးစီမံမှုမရှိဘူး။ တိုက်ပွဲအတွေ့အကြုံမရှိဘူးပြောရမှာပေါ့။ ရှိတဲ့ တပ်ရင်းတွေလည်း ရှေ့တန်းရောက်နေတာတွေနဲ့ ကပစကအင်အားတွေလည်း အနှံ့ပို့ထားရတော့ စုဖွဲ့မှု ပျက်နေတယ်ပြောရမှာပေါ့၊ ပြည်ကိုဝင်လာမှာ စိုးရိမ်ရတဲ့အနေအထားဖြစ်နေတယ် “ဟု ပန်းတောင်း ခလရ ၂၉ မှ တပ်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလအစက ပြည်-ဒကစလက် အောက်ခံတပ်ရင်းများကို ရခိုင်ပြည်နယ် တောင်ကုတ် စကခ ၅ ကို ပြည်-ပန်းတောင်းလမ်းမှတစ်ဆင့် ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ပြည်-ဒကစလက်အောက်ခံ ခလရ ၉၂ (ပန်းတောင်း)၊ခလရ ၅၃ (ပေါက်ခေါင်း)၊ ခလရ ၇၅ (ပြည်)တို့ဖြစ်ပြီး ယင်းတပ်ရင်းများမှ အင်အားအချို့ကို ရခိုင်ပြည် နယ်သို့ ပို့ဆောင်ထားသည့်အတွက် အင်အားနည်းကာ စစ်မှုထမ်းဥပဒေဖြင့် စစ်သင်တန်းဆင်းလာသည့် သင်သန်းသားသစ်များဖြင့်သာ စုဖွဲ့ထားရကြောင်း သိ ရသည်။
ပဲခူးတိုင်းအနောက်ခြမ်းတွင် တော်လှန်ရေးတပ်ဖွဲ့များ မှလည်း မကြာခဏတိုက်ပွဲဖော်ဆောင်နေသည့် အတွက် ပြည်-ဒကစမှ တပ်ဖွဲ့များဖြင့် အင်အား ဖြည့်တင်းထားရသည့်အတွက် ဒကစတွင်အင်အား လျော့နည်းလျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလက ပြည်-ဒကစနှင့်မဝေးသည့် စစ်ကောင်စီ၏ စရဖ(SB)နှင့် မှုခင်းရဲတပ်ဖွဲ့ (CID)အိမ်ရာဝန်းတို့ကို တော်လှန်ရေးတပ်ဖွဲ့များက ဗုံး ခွဲတိုက်ခိုက်မှုကိုပင် လုံခြုံရေးအပြည့်ယူပေးနိုင်ခြင်း မရှိသည်ကို တွေ့ရသည်။
ပြည်နဝဒေးတံတား အဝင်အထွက်ကိုလည်း လုံခြုံရေး ယူထားပြီး ဖြတ်သန်းသွားလာသူများကို အထူးကြပ် မတ်စစ်ဆေးလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
အင်အားအများအပြား ပို့ဆောင်ထားသည့် တောင်ကုတ်မြို့၏ စကခ-၅ ကျသွားပါက ပြည်ဒကစထဲကို AA နှင့် တော်လှန်ရေးအဖွဲ့များ ဝင်ရောက်တိုက်ခိုက်ပြီး လွယ်လင့် တကူသိမ်းပိုက်သွားမည်ကို စစ်အရာရှိများမှ အထူးစိုးရိမ်လျက်ရှိကြောင်း သိရသည်။
#ပဲခူး #ပြည်ဒကစ #ဖွဲ့စည်းပုံပျက် #အင်အားလျော့နည်း #တိုက်ခိုက်ခံရမည် #စစ်ကောင်စီအရာရှိများ #စိုးရိမ်နေ
#Ayeyarwadd_Times