ဟိန်းစံ/ဧရာဝတီတိုင်းမ်
(မြင်းမူ)၊ သြဂုတ်လ ၁၆ ရက်
စစ်အုပ်စုကိုထောက်ပံ့နေတဲ့ Elite Express အဝေးပြေးကားကို ဖမ်းဆီးထားပြီး ကားဝန်ထမ်းတွေကို စစ်ဆေးနေဆဲဖြစ်တယ်လို့ ဒေသကာကွယ်ရေးတပ်တွေဘက်ကပြောဆိုပါတယ်။
ရန်ကုန်မြို့ကနေ မုံရွာမြို့ကို မောင်းနှင်လာတဲ့ Elite Express ကားကို ပြီးခဲ့တဲ့ သြဂုတ်လ ၁၂ ရက်နေ့က မြင်းမူမြို့နယ် ၊ ဂွေးပင်တောရွာအနီးမှာ ဖမ်းဆီးခဲ့တာလို့ PDF ဘက်ကအတည်ပြုပါတယ်။
စစ်ကောင်စီတပ်သားတွေကင်းပုန်းဝပ်တဲ့နေရာတွေကို ၆ ကြိမ်ထက်မနည်းကြိုပို့တာတွေလုပ်ဆောင်ခဲ့လို့ စောင့်ကြည့်နေခဲ့ပြီးမှ အခုလိုဖမ်းဆီးခဲ့တာဖြစ်ပြီး ခရီးသည်တွေအားလုံးကိုမိသားစုဝင်တွေဆီကို ပြန်လွှတ်ပေးခဲ့ပြီးပြီလို့ ပြောပါတယ်။
” ဒီကားက ဒီ မြင်းမူ-မုံရွာလမ်းပိုင်းမှာ စကစကောင်တွေ ကင်းပုန်ဝပ်လာရင်လည်း ဒီကားနဲ့လိုက်လာတယ်၊ ပြန်ရင်လည်းဒီကားနဲ့လိုက်ပြန်တယ်။ကြို၊ပို့ပုံစံမျိုး ၆ခါလောက် လုပ်တာကိုတွေ့ရတယ်။ အဲ့တာကြောင့်ကျနော်တို့မဟာ မိတ်ပူးပေါင်းအဖွဲ့တွေဖမ်း ဆီးထားတာလို့သိရတယ်။ ခရီးသည် ၁၂ ယောက်ကို နောက်တနေ့မှာဘဲ မိသားစုဝင်တွေကိုလာခေါ်ခိုင်းပြီးပြန်လွတ်လိုက်ပြီးပြီ” လို့ မြင်းမူ PDF တပ်ဖွဲ့ဝင်တဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
ကားဝန်ထမ်း ၄ ဦးနဲ့ Express ကား ကို ဒီကနေ့အထိ ဆက်လက်ထိန်းသိမ်းစစ်ဆေးနေဆဲဖြစ်ပြီး စစ်ဆေးပေါ်ပေါက်တဲ့အပေါ်မူတည်ကာ ဆက်လက်ဆောင်ရွက်သွားဖို့ရှိတယ်လို့သူက ဆက်လက်ပြောပါတယ်။
Elite ကားလိုင်းဟာ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP) ဥက္ကဌဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်း ရဲ့ သားအကြီး ဦးအောင်သက်မန်းရဲ့ ဧရာရွှေဝါလုပ်ငန်းစုပိုင် အဝေးပြေးယာဥ်လိုင်းတခုဖြစ်ပြီး ကုမ္ပဏီအကြီးပိုင်းအများစုက စစ်တပ်အရာရှိအငြိမ်းစား ၊အရာရှိထွက်တွေနဲ့ ဖွဲ့ စည်းထားပေမယ့် ယာဥ်မောင်းတွေကတော့ သာမာန်ဝန်ထမ်းတွေသာဖြစ်တယ်လို့ Eliteနဲ့ နီးစပ်သူတဦးကပြောပါတယ်။
” Elite မှာက ရုံးမန်နေဂျာတွေအများစုကတော့ ဗိုလ်ကြီးထွက်တွေများတယ်။ အရင် Elite ဒါရိုက်တာဆို ဒု-ဗိုလ်မှူးကြီး အငြိမ်းစား။ သူက UBP ကနေ ၂၀၂၀ ရွေး ကောက်ပွဲဝင်မှာမလို့နားသွားတာ။ နောက်ပြီးဂိတ်မန်နေဂျာတွေထဲမှာလည်း စစ်ထွက်တချို့ပါတယ်။ အောက်ပိုင်းဝန်ထမ်းတွေကတော့ NLD တွေများတယ်။ သူတို့ရုံးက ဒီလူတွေ ဒီလူတွေတင်သွားပါဆိုပြီး ခိုင်းရင်တော့တင်ရမှာပေါ့၊ ဖြစ်စဥ် အသေး စိတ်တော့ကျနော်လည်းမသိဘူး။ခုလက်ရှိဖမ်းခံထားရတဲ့ကားသမားတွေထဲက ၄ ယောက်မှာ ၂ ယောက်ကိုတော့ ကျနော်သိတယ်၊ ကိုသိန်းစိုးနဲ့ကိုလှိုင်ဘွားပါတယ်” လို့ အမည်မဖော်လိုတဲ့ Elite ယာဥ်မောင်းဝန်ထမ်းဟောင်းတဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
ဦးအောင်သက်မန်းတည်ထောင်ထားတဲ့ ဧရာရွှေဝါလုပ် ငန်းစုဟာ Elite ကားလိုင်းအပြင် မြတ်သဥ္ဇာဟိုတယ်၊ Terminal ဆီဆိုင်၊ Elite Tech၊ Elite ငွေဖြည့်ကတ်၊ Elite ဂတ်စ်မီးဖိုလုပ်ငန်းတွေအပါအဝင် အခြားလုပ်ငန်းတွေအများအပြားလည်း ပါဝင်တယ်လို့သိရပါတယ်။