ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၄ ရက်
ဧရာ၀တီတိုင်း ၊ မြောင်းမြအကျဥ်းထောင်တွင် ထောင်၀င်စာပေးပို့သည့် အထုပ်အနည်းအများအလိုက် အကျဉ်းထောင်ဝန်ထမ်းများက ငွေတောင်းခံနေကြောင်း ထောင်ဝင်စာပို့သူများထံက သိရသည်။
ထောင်၀င်စာပေးပို့သည့် အထုပ်အမျိုးအစားအလိုက် ငွေကျပ် ၂၀၀၀၀ မှ သိန်းဂဏန်းထိ ပေးနေရပြီး ငွေမပေးနိုင်သည့် အထုပ်များကို အကျဉ်းသားများထံသို့ ပေးပို့ခြင်းမရှိကြောင်းမိသားစု၀င်အချို့က ပြောသည်။
“တော်တော်ဆိုးနေတာပါ ခုက လူတွေ့ခွင့်ရော၊ ပါဆယ်ပို့ခွင့်ရော ငွေတောင်းတယ်။ မပေးရင် မတွေ့ရဘူး။ ပိုက်ဆံမပေးတဲ့ ပါဆယ်ထုပ်ဆိုရင် အထဲကပစ္စည်းတွေ ရက်လွန်မှ အကျဥ်းသားဆီကိုရောက်တယ်”ဟု အကျဥ်းသားမိသားစု၀င်တစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
အကျဥ်းကျနေသူများကိုလည်း ပုံစံကြေး၊အခန်းကြေး၊ ရေနှင့်သန့်ရှင်းရေးကြေးဟု ဆိုကာ ခေါင်းစဥ်အမျိုးမျိုးနှင့် ငွေတောင်းခံနေပြီး မပေးနိုင်သူများကို ထောင်၀န်ထမ်းများက ဖိနှိပ်မှုများပြုလုပ်နေကြောင်း သိရှိရသည်။
မြောင်းမြထောင်တွင် နိုင်ငံရေးအကျဉ်းသားများ အပါအ၀င် ကျားမအကျဥ်းသား ၈၀၀ နီးပါးရှိကြောင်း အကျဥ်းဦးစီးဌာနနှင့်နီးစပ်သူများထံမှ သိရှိရသည်။
#မြောင်းမြထောင် #ထောင်၀င်စာ #အကျဉ်းဦးစီး #ဝန်ထမ်းများ #ငွေပေးရ #Ayeyarwaddy_Times