
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၃ ရက်
အီရန်နိုင်ငံရဲ့ ဒုံးကျည်တိုက်ခိုက်မှုကို မရှုတ်ချတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူ တာရက်စ်ကို ပြည်ဝင်ခွင့်ပိတ်ပင်ကြောင်း အစ္စရေး နိုင်ငံခြားရေးဝန်ကြီးက ကြေညာလိုက်ပါတယ်။
အစ္စရေး နိုင်ငံခြားရေးဝန်ကြီး အစ္စရေးကာတ်ဇ်က အောက်တိုဘာလ ၂ ရက်မှာ လူမှုကွန်ရက်ပို့စ် တစ်ခုမှာ အခုလို ကြေညာခဲ့တာပါ။
“ကမ္ဘာပေါ်က တိုင်းပြည်တိုင်းနီးပါး အစ္စရေးအပေါ် အီရန်ရဲ့တိုက်ခိုက်မှုကို ပြတ်ပြတ်သားသား ရှုတ်ချခဲ့ပေမယ့် အဲဒီလုပ်ရပ်ကို မရှုတ်ချသူဟာ အစ္စရေးမြေပေါ် ခြေချခွင့်မထိုက်တန်သူပါ” လို့ ၎င်းက ပြောပါတယ်။
အန်တိုနီယိုဂူတာရက်စ်က ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်း ဟားမာစ်အဖွဲ့ ကျူးလွန်ခဲ့တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို မရှုတ်ရသေးဘူးလို့ သူက ဆိုပါတယ်။
ကုလသမဂ္ဂ အကြီးအကဲဟာ အကြမ်းဖက်သမားတွေ၊ မုဒိမ်းသမားတွေနဲ့ လူသတ်ကောင်တွေကို ထောက်ခံနေတယ်လို့ ၎င်းက စွပ်စွဲလိုက်ပါတယ်။
အီရန်ရဲ့ ဒုံးကျည်တိုက်ခိုက်မှုနဲ့ပတ်သက်လို့ ဂူတာရက်စ်ရဲ့ ထုတ်ပြန်ချက်ကို အစ္စရေးက အခုလို တုံ့ပြန်ခဲ့တာပါ။ တိုက်ခိုက်မှုဖြစ်ပြီးပြီးချင်း ဂူတာရက်စ်က ဒေသတွင်း အကြမ်းဖက်မှုတွေ အရှိန်မြှင့်လာ တာကို ရှုတ်ချခဲ့ပေမယ့် အီရန်နိုင်ငံကို ဖော်ပြခဲ့တာမရှိပါဘူး။
“အရှေ့အလယ်ပိုင်းဒေသမှာ အကြမ်းဖက်မှုတွေ အရှိန်မြှင့်လာတာကို ကျွန်တော် ရှုတ်ချပါတယ်။ အကြမ်းဖက်မှုတွေကို ရပ်တန့်ရပါမယ်။ ကျွန်တော်တို့ သေချာပေါက် အပစ်အခတ်ရပ်စဲမှု လိုအပ်ပါ တယ်” လို့ ဂူတာရက်စ်က လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
ကုလသမဂ္ဂ အကြီးအကဲကို ပြည်ဝင်ခွင့်ပိတ်ပင်တာ အစ္စရေးနိုင်ငံအတွက် အကျိုးမရှိပါဘူး” လို့ အမေရိကန်၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မတ်သယူးမီလာက ပြောပါ တယ်။
ကုလသမဂ္ဂအဖွဲ့ဟာ အစဉ်အလာအားဖြင့် ကုလသမဂ္ဂဝန်ထမ်းတစ်ဉီးအား ပြည်ဝင်ခွင့်ပိတ်ပင် တဲ့ အယူအဆကို အသိအမှတ်မပြုဘူးလို့ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတက်ဖန်နီဒူဂျာရစ်က ပြော ပါတယ်။
ကိုးကား – NHK/Aljazeera
Ref; Israel bars UN chief from the country over Iran attack response
#Ayeyarwaddy_Times