ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၈ ရက်

ဧရာ၀တီတိုင်း၊ ပန်းတနော်မြို့နယ် ၊ မြေနုကျေးရွာတွင် သြဂုတ်လ ၁၅ရက်နေ့က အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ဆိုသူ သေနတ်ဖြင့်အပစ်ခံရကာ သေဆုံးပြီးနောက်ပိုင်း စစ်ကောင်စီမှ ကျေးရွာဒေသခံ အမျိုးသား(၁၂)ဦးကို စွပ်စွဲဖမ်းဆီးထား​သည်မှာ ၁၀ရက်ကျော်ကြာသည်အထိ လွတ်မြောက်လာခြင်း မရှိသေးကြောင်းသိရသည်။

ပန်းတနော်မြို့နယ်မှ စစ်ကောင်စီနှင့်ရဲတပ်ဖွဲ့၀င်များသည် သြဂုတ်လ ၁၆ရက်နေ့မှစတင်ကာ မြေနုကျေးရွာရှိ လူငယ်နှင့်လူလတ်ပိုင်းအမျိုးသား(၁၂)ဦးကို စွပ်စွဲဖမ်းဆီးခဲ့ပြီး ယနေ့အထိ ပန်းတနော်မြို့မရဲစခန်းတွင်စစ်ဆေးနေဆဲဖြစ်ကြောင်း ဒေသခံများမှပြောသည်။

“ဖမ်းထားတဲ့ သူတွေက သာမန်ကျေးရွာသားတွေ၊စွပ်စွဲဖမ်းပြီး စစ်နေတာလဲ ၁၀ရက်ကျော်နေပြီ တရားခံပေါ်တယ်လဲမကြားမိဘူး။ ကျန်းမာရေးအခြေအနေတွေလဲ မသိရသေးဘူး။ ခုထိလဲ စခန်းမှာ စစ်ဆေးနေတုန်းမိသားစုတွေလဲ သွားတွေ့လို့မရဘူး”ဟုဖမ်းဆီးခံထားရသည့် မိသားစုနှင့် နီးစပ်သူတစ်ဦးမှဧရာ၀တီတိုင်းမ်ကိုပြောသည်။

သြဂုတ်လ၁၅ရက်နေ့ည ၈နာရီခန့်က ကျေးရွာအုပ်ချုပ်ရေးမှူး ဥဦးသန့်ဇင်သည် အင်းမှ အပြန် နားထင်ကိုသေနတ်ဖြင့် နှစ်ချက်
ပစ်ခတ်ခံခဲ့ရ​ကာ ရွှေလောင်းမြို့ဆေးရုံသို့ အရောက်တွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သတ်ပြီး ပန်းတနော်မြို့နယ်အတွင်း လှုပ်ရှားနေသော တော်လှန်ရေးအင်အားစုများဘက်မှ သတင်းထုတ်ပြန်ခဲ့ခြင်းမရှိပါ။

စစ်ကောင်စီနှင့်ရဲများသည် သေဆုံးသွားသော အုပ်ချုပ်ရေးမှူး၏ ကျေးရွာအတွင်း တော်လှန်ရေးအင်အားစုများဘက်ကိုထောက်ခံသည်ဟု ယူဆပြီးစာရင်းပြုစုထားသောမှတ်တမ်းကို အခြေခံ၍ ယခုကဲ့သို့ ဒေသခံ(၁၂)ဦးကို စွပ်စွဲဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

#ပန်းတနော်မြို့နယ် #အုပ်ချုပ်ရေးမှူး #အသတ်ခံရမှု #စွပ်စွဲဖမ်းဆီး #ဒေသခံများ #ပြန်မလွှတ်သေး #Ayeyarwaddy_Times