ဧရာဝတီတိုင်းမ်
(မင်းတပ်)၊ ဧပြီ ၆ ရက်

မကွေးတိုင်း၊ ပခုက္ကူမြို့မှ ချင်းပြည်နယ်ဘက်သို့ ဦးတည်လာသော စစ်ကောင်စီယာဉ်တန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက လမ်းခုလတ်တွင် မိုင်းနှင့် ဒရုန်းများဖြင့် ကြားဖြတ်တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များထိခိုက်သေဆုံးမှုများပြားပြီး ယာဉ် ရှစ် စီး မီးရှို့ခံထားရကြောင်း သိရသည်။

အဆိုပါစစ်ကောင်စီ ယာဉ်တန်း အားလုံးသည် ပေါက်မြို့တွင်းသို့ ရောက်ရှိခြင်း မရှိသေးသလို လမ်းတဝက်တွင် မကြာခဏ တိုက်ခိုက်ခံရမှုကြောင့် ယခင်လမ်းဟောင်းများကို ပြန်လည်ပြုပြင်ပြီး လမ်းဟောင်းကို အသုံးပြု၍ ဆက်လက် ထွက်ခွာလာရန် စီစဉ်ဆောင်ရွက်နေကြောင်းသိရသည်။

“ယောနယ်ကို ကျော်လာမယ်။ ပြီးလို့ရှိရင် မင်းတပ်၊ ကန်ပက်လက်နယ်ဘက်ကို ထွက်လာတယ်ဆိုရင်တော့ မလွဲမသွေကျွန်တော်တို့ကလည်း ကြိုဆိုတယ်လို့ပဲ ပြောရမှာပေါ့ဗျာ။ ဆိုကြိုတယ်ဆိုတာ ကျွန်တော်တို့ လုပ်စရာရှိတာ ပြင်ဆင်ထားတယ်။ လုပ်ထားတယ်ဆိုတော့ တတ်နိုင်သလောက်တော့ လုပ်မှာပဲ။ တစ်ခုတော့ရှိတာပေါ့ ဒီယာဉ်တန်းက ဘယ်နေရာကို ထောက်ပို့မယ်၊ ဦးတည်မယ်ဆိုတဲ့ဟာ ‌လောလောဆယ်‌ ပြောဖို့ ခက်တယ်။ ရောက်လာမယ်ဆိုတော့ စစ်ရေးပြင်ဆင်မှုတွေ ကျွန်တော်တို့ အများကြီးလုပ်ထားတယ်” ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)၊ သတင်း၊ ပြန်ကြားရေးနှင့် မှတ်တမ်းဌာနမှ ဆလိုင်းမင်းတပ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

မင်းတပ်မြို့နယ်တွင် စစ်ကောင်စီက လေကြောင်းဖြင့် အလွန်အကျွံတိုက်ခိုက်မှုကြောင့် ဒေသခံထိခိုက်သေဆုံးမှုများနှင့် နေအိမ်ပျက်စီးမှုများများပြားကြောင်းမင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။

မင်းတပ်နယ်စပ်၊ ကျောက်ထုမြို့အပါအဝင် ယောဧရိယာဘက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် စစ်ရေးလှုပ်ရှားမှုငြိမ်နေပြီး ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ဘက်တွင် အင်အားအလုံးအရင်း ဖြည့်တင်းထားကြောင်းသိရသည်။

ပုံစာ- CDF-မင်းတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့က သိမ်းဆည်းထားသော စစ်ကောင်စီယာဥ်များ။
#ချင်းပြည်နယ် #စစ်ကောင်စီယာဉ်တန်း #ဦးတည် #တိုက်ခိုက် #CDFမင်းတပ် #အသင့်ပြင်ထား #Ayeyarwaddy_Times