ဧရာဝတီတိုင်းမ်
(ဖယ်ခုံ)၊ မတ် ၂၂ ရက်

ရှမ်း-ကရင်နီနယ်စပ်၊ ဖယ်ခုံမြို့နယ်၊ လအိကျေးရွာရှိ ဆေးရုံကို စစ်ကောင်စီက ယနေ့ မတ် ၂၂ ရက်၊ နံနက် ၁၀ နာရီဝန်းကျင်တွင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် လအိကျေးရွာဆေးရုံကို လေယာဉ် နှစ်စင်းဖြင့် လေးကြိမ်လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးကုသမှုခံယူနေသည့် ပြည်သူနှစ်ဦး သေဆုံးခဲ့ရကြောင်း သိရသည်။

“ဆေးရုံကို လာပစ်တာဗျ။ ‌ ဆေးရုံမှာရှိတဲ့ ပြည်သူနှစ်ဦး ထိခိုက်သေဆုံးခဲ့တယ်။ ဗုံးဒဏ်ကြောင့် ဆေးရုံရဲ့အဆောင်တွေလည်း ပျက်စီးသွားရတယ်” ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် ကရင်နီပြည်နယ်အတွင်း စစ်ရေးပစ်မှတ် မဟုတ်သည့် ဆေးရုံများ၊ စာသင် ကျောင်းများ၊ ဘာသာရေးအဆောက်အအုံများကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုများကို မကြာခဏလုပ်ဆောင်လေ့ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ ရက် ကလည်း ဒီးမော့ဆိုမြို့နယ်ရှိ စာသင်ကျောင်းတစ်ခုကို စစ်ကောင်စီက အကြောင်းမဲ့လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့ရာ စာသင်ကြားနေသည့် ကလေးငယ် လေး ဦး သေဆုံးခဲ့ရကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

ဓာတ်ပုံ – ပေးပို့
ပုံစာ – လေကြောင်းတိုက်ခိုက်ခံရသည့်ဆေးရုံ
#ဖယ်ခုံ #ဆေးရုံ #လအိကျေးရွာ #စစ်ကောင်စီလေကြောင်းတိုက်ခိုက် #လူနာသေဆုံး #Ayeyarwaddy_Times