ဧရာဝတီတိုင်းမ်
(ချင်း)၊ မတ် ၈ ရက်

စစ်ကောင်စီက စစ်မှုမထမ်းမနေရဥပဒေ အတည်ပြု ထုတ်ပြန်ပြီးနောက် ချင်းပြည်နယ် မြို့ပေါ်တွင် နေထိုင်သည့် အရွယ်ရောက် ချင်းလူငယ်များ ပြည်ပနိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်သူများပြားနေကြောင်း သိရသည်။

ချင်းပြည်နယ်၏ မြို့အများစုကို စစ်ကောင်စီကထိန်းချုပ်ထားပြီး အချိန်မရွေး လာရောက် ဖမ်းဆီးမှုများ ရှိလာနိုင်ခြင်းကြောင့် ထွက်ပြေးတိမ်းရှောင်နေခြင်း ဖြစ်ကြောင်း မြို့ပေါ်နေ ဒေသခံများထံက သိရသည်။

“စစ်မှုမထမ်းမနေရ ဥပဒေနဲ့ ပတ်သက်ပြီး အမိန့်ကျလာတာတော့ မရှိသေးဘူးလို့ ထွေအုပ်ရုံး ဝန်ထမ်းတွေဆီက သိရတယ်။ ဒါပေမယ့် ဟားခါး၊ ဖလမ်းဘက်မှာ စစ်ကောင်စီတပ်က လူငယ်တွေ ဖမ်းဆီးနေတယ်ဆိုတဲ့ သတင်းတွေကြောင့် ထွက်ပြေး တိမ်းရှောင်နေတဲ့ လူငယ်တွေများပြားတယ်လို့ သိရတယ်” ဟု တီးတိန်မြို့ ဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်မှုမထမ်းမနေရဥပဒေ ထုတ်ပြန်ပြီးနောက် ချင်းလူငယ်၊ လူရွယ်စုစုပေါင်း ၃၀ ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးထားကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း ဧရာဝတီတိုင်းမ် အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

စစ်ကောင်စီက စစ်မှုမထမ်းမနေရဥပဒေထုတ်ပြန်ပြီးနောက် ချင်းအမျိုးသားတပ်မတော် (CAN) အပါအဝင် ချင်းကာကွယ်ရေးတပ်ဖွဲ့များက တော်လှန်ရေးတွင် တာဝန်ထမ်း ဆောင်ရန် ဖိတ်ခေါ်ခဲ့ပြီး မြို့နယ်တချို့ရှိ ချင်းကာကွယ်ရေးတပ်ဖွဲ့များထံသို့ ဝင်ရောက်လာသူများလည်း ရှိကြောင်းသိရသည်။

“PDF-Zolandဆီမှာတော့ အယောက် ၁၀၀ ကျော်ဝင်ရောက်လာတယ်လို့ ကြားတယ်။ ကျွန်တော်တို့ဆီမှာတော့ ရဲဘော်အသစ်တွေ ဝင်ရောက်လာဖို့ တရားဝင် မဖိတ်ခေါ်ပေမယ့် ဝင်ရောက်လိုတဲ့ လူငယ်တွေရှိရင် လက်ခံဖို့ အဆင်သင့်ပါပဲ” ဟု ချင်းကာကွယ်ရေး တပ်ဖွဲ့(မတူပီ) တာဝန်ခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီက စစ်မှုမထမ်းမနေရဥပဒေ အတည်ပြု ထုတ်ပြန်ပြီးနောက် ချင်းပြည်နယ်ရှိ လူငယ်၊ လူရွယ်များသည် ချင်းကာကွယ်ရေးတပ်ဖွဲ့များက ထိန်းချုပ် ထားသော နေရာ၊ ဒေသများနှင့် မီဇိုးရမ်ပြည်နယ်၊ ထိုင်း၊ မလေးရှားနိုင်ငံတို့တွင် အများဆုံးထွက်ပြေးတိမ်းရှောင်နေကြကြောင်းသိရသည်။

ပုံစာ-CNAနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်များ။
#စစ်မှုမထမ်းမနေရဥပဒေ #ချင်းလူငယ်များ #ထွက်ပြေးတိမ်းရှောင် #များပြားလာ #Ayeyarwaddy_Times