ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၈ရက်
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်သို့ စစ်ကောင်စီက ဖေဖော်ဝါရီ ၃ရက်နေ့ ညပိုင်းမှစ၍ စစ်ကြောင်းထိုးတိုက်ခိုက်လျက်ရှိရာ ယနေ့ ဖေဖော်ဝါရီ ၈ ရက်နေ့အထိ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေသည်မှာ ၆ ရက်မြောက်ရှိလာပြီဖြစ်ပြီး စစ်ကောင်စီတပ်များ မြို့တွင်းအထိ ထိုးဖောက်ဝင်ရောက်လာကြောင်း သိရသည်။
စစ်ကောင်စီက အင်အားအလုံးအရင်းအသုံးပြု တိုက်ခိုက်နေသည့်အတွက် နှစ်ဘက်ထိတွေ့တိုက်ပွဲ ပြင်းထန်လျက်ရှိပြီး မြို့တွင်းတိုက်ပွဲ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
“တိုက်ပွဲကတော့အတော်ပြင်းထန်တယ်။ မနေ့က ညနေက ရွာအနောက်ခြမ်းကို လက်နက်ကြီးကျည်တွေဆက်တိုက်ကျတယ်။ အိမ်တွေမီးလောင်ကုန်တယ်။ လူအထိအခိုက်ကတော့ ကျွန်မတို့လည်း ပြေးနေရတော့ သွားမကြည့်မိဘူး။ မီးခိုးလုံးတွေ မီးတောက်တွေကိုတော့ အတော်နီးနီးကပ်ကပ်မြင်ရတယ်” ဟု ကောလင်းမြို့၊ ကျွန်းလှခုံရွာမှ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကောလင်းသို့ မြောက်ဘက်ခြမ်းမှ ဝင်ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်းတစ်ကြောင်းသည် ယနေ့ နံနက် ၁၀နာရီ ၄၀မိနစ်ခန့်တွင် ကောလင်းမြို့နယ် မင်းတဲကြီးရပ်ကွက်၊ မင်းချမ်းဘက်သို့ စတင်ဝင်ရောက်လာပြီဖြစ်ကြောင်း Kawlin Revolution ကဆိုထားသည်။
စစ်ကောင်စီသည် ကောလင်းသို့ ကန့်ဘလူဘက်မှ စစ်ကူများမပေးနိုင်စေရန် ကန့်ဘလူနယ်အတွင်းသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများ လုပ်ဆောင်လျက်ရှိပြီး ယနေ့ မွန်းလွဲ ၂နာရီ ၁၀မိနစ်အချိန်တွင် ကန့်ဘလူမြို့နယ် ချပ်သင်းနယ်အတွင်းသို့ Mi-35 ဖြင့် လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ပြီး ကန့်ဘလူ ၆၀၀၆ တပ်ရင်း အတွင်းသို့ ပြန်လည်ဆင်းသက်သွားကြောင်း သိရသည်။
“ဒီနေ့ဆို တိုက်ပွဲက ၆ရက်မြောက်ပြီ။ နှစ်ဘက်အကျအဆုံးများတယ်လို့လည်း သိထားရတယ်။ မြို့တွင်းကိုပါ ထိုးဖောက်ဝင်ရောက်လာတဲ့အတွက် အခြေအနေက ငါးဆယ် ငါးဆယ် ဖြစ်နေပြီ။ ဟောင်ဝစ်ဇာ တင်ထားတဲ့ကားတွေနဲ့ပါ ပစ်ပြီးဝင်လာတာလို့ သိရတယ်” ဟု ကောလင်းမြို့မှ စစ်ရှောင်လာသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကောလင်းမြို့သည် ခရိုင်အဆင့်မြို့ကြီးဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပြီးခဲ့သည့် နိုဝင်ဘာ ၆ ရက်နေ့က သိမ်းယူခဲ့သည်။
ထိုသိုသိမ်းယူပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အုပ်ချုပ်ရေးအဆင့်ဖော်ဆောင်ကာ မြို့နေပြည်သူများ စစ်ရှောင်ရာမှ ပြန်လည်နေထိုင်နေကြပြီး ယခု စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် ဒေသခံများ ပြန်လည် တိမ်းရှောင်နေရကြောင်းသိရသည်။
#ကောလင်း #တိုက်ပွဲပြင်းထန် #မြို့တွင်းတိုက်ပွဲဖြစ် #စစ်ကောင်စီ #အပြင်းအထန်ထိုးစစ်ဆင် #Ayeyarwaddy_Times