
ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ ဇန်နဝါရီ ၂၈ ရက်)
ဗောက်ထတယ်ဆိုတာ ဦးရေပြားမှာ မှိုစွဲတာပါ။ ကွေကာအုပ် အချပ် အချပ်လေးတွေ ပြန့်ကြဲသလို ဦးရေပြားမှာ အဖြူဖတ်ကလေးတွေ အလွှာလိုက် ကပ်နေတဲ့ ဗောက်အဖတ်တွေက ခေါင်းတစ်ခုလုံးယားယံစေသလို စိတ်အနှောက် အယှက်တော်တော်ပေးပါတယ်။ ဗောက်ပျောက်ဖို့ ခက်ခဲတာကြောင့် အချိန်ပေး ကုသရပါတယ်။
ဗောက်ကြောင့် ဦးရေပြားက မကြာခဏ ယားယံနေပြီး ခေါင်းဖြီးလိုက်တိုင်း အဖြူရောင်အရေပြားဆဲလ်သေအမှုန့် အချပ် အဖတ်တွေထွက်ခြင်း၊ ဦးရေပြားမှာ ဆီလို ချွဲကျိနေတဲ့ အကွက်တွေ ဖြစ်ခြင်း၊ အသားထဲက တစ်ခုခု ထိုးနေသလို ခံစားရခြင်းတွေ ဖြစ်တတ်ပါတယ်။
ဖောက်ကို ဦးရေပြား၊ ဆံပင်၊ မျက်ခုံးမွေး၊ နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေး နဲ့ ပခုံးတွေပေါ်မှာ တွေ့ရတတ်ပါတယ်။ အမွေးအမျှင်တွေ ရှိတဲ့နေရာတွေမှာ ဗောက် ဖြစ်တတ်ပါတယ်။ စိတ်ညစ် စိတ်ရှုပ်ထွေးတဲ့အခါ စိတ်ဖိစီးတဲ့အခါ ယားယံစေတဲ့ဗောက်တွေ ပိုဆိုးနိုင်ပါတယ်။ အေးမြ ခြောက်သွေ့တဲ့ဆောင်းတွင်း လိုအချိန်မျိုးမှာ ဗောက်ပိုဖြစ် လွယ်ပါတယ်။
ဗောက်ရောဂါဆိုတာ ဆိုးရွားလှတဲ့ ရောဂါတစ်ခုမဟုတ်ပေမယ့် ကျန်းမာရေးကို ထိခိုက် စေပါတယ်။ အအိပ်ပျက်တာ၊ အာရုံမစူးစိုက်နိုင်တာမျိုးဖြစ်တတ်ပြီး လူမှုပတ်ဝန်း ကျင်မှာ နေထိုင်ရခက်စေသလို ယုံကြည်မှုကို လျော့ကျစေနိုင်ပါတယ်။
အဆီများတဲ့ဦးရေပြား၊ ခြောက်သွေ့တဲ့ဦးရေပြားတွေဟာ ဗောက်ထွက်လွယ်ပါတယ်။ (Malassezia) လို့ခေါ်တဲ့မှိုဟာ ဆံပင်တွေထဲက အဆီကို စားသုံးကာ ပွားများလာကြပြီး ဗောက်ဖြစ်တတ်ပါတယ်။
ဆံကေသာ အလှအပအသုံးပစ္စည်းများ၊ ဆံပင်လိမ်းဂျယ်များ၊ ခရင်များ နှင့် ဦးရေပြား ထိတွေ့တဲ့အခါ ဦးရေပြားရောင်ရမ်းပြီး ဗောက်ထလာဖို့ အခြေအနေတွေ ကိုဖန်တီးကြပါတယ်။ နှင်းခူနှင့် အခြားအရေပြားရောဂါရှိသူတွေမှာလည်း ဗောက်ဖြစ် လွယ်ပါတယ်။
ဆယ်ကျော်သက် လူကြီးပေါက်စလေးတွေမှာ ဗောက်ဖြစ်ကြပါတယ်။ တချို့ဆိုရင် စနစ်တကျမကုဘဲ ဘဝတလျှောက်လုံး အသက်ကြီးတဲ့အထိ အမြဲတမ်း ဗောက်ရောဂါကို သယ်ဆောင်ထားကြပါတယ်။
အမျိုးသမီးတွေထက် အမျိုးသားတွေဟာ ဗောက် ပိုဖြစ်လွယ်ပါတယ်။ လေသင်တုန်း ဖြတ်ရောဂါရှင် ( Parkinson’s disease) နှင့် အခြားအာရုံကြောရောဂါရှင်တွေမှာလည်း ဗောက်ပိုဖြစ်ကြပါတယ်။
ခန္ဓာကိုယ်ရဲ့ကိုယ်ခံအား ကျဆင်းစေတဲ့အခြေနေကိုလည်း ဗောက်က အလွတ်မပေး ပြန်ပါဘူး။ HIV သယ်ဆောင်ထားသူတွေနဲ့ အခြားကိုယ်ခံအားနည်းရောဂါ ဖြစ်နေကြသူ တွေမှာ ဗောက်တွေ ဖြစ်လွယ်ပါတယ်။
ဗောက်ရောဂါဖြစ်ကြောင်း ရှာဖွေဖို့က ဆံသားနဲ့ဦးရေပြားကို လှန်လှောကြည့်ရုံနဲ့ သိနိုင်ပါတယ်။
ခေါင်းတွေယားယံနေပြီဆိုရင်၊ ခေါင်းကုတ်လိုက်တိုင်း ဗောက်အဖြူဖတ်တွေ ထွက်ကျ လာပြီးဆိုရင်၊ ခေါင်းချွေးနှင့် ဗောက်မှိုအနံ့က ဆိုးရွားတာကို ခံစားမိပြီဆိုရင် ဗောက်ကု သဖို့ ပြင်ဆင်ရပါမယ်။
#ဗောက်ရောဂါနှင့်ခေါင်းလျှော်ခြင်း
၇ ရက် တစ်ပတ်မှာ နှစ်ကြိမ်သုံးကြိမ်လောက် ခေါင်းလျှော်ပေးတာက ဦးရေပြားကို သန့်ရှင်းစေပြီး ဗောက်ကို ကာကွယ်ပါတယ်။
ပုံမှန်ခေါင်းလျှော်ရည်တွေနဲ့ အဆင်မပြေဘဲ ခဏခဏ ဗောက်ပြန်ဖြစ်ကြသူတွေမှာတော့ ဗောက်ပျောက်ဆေး ခေါင်းလျှော်ရည်တွေသုံးရပါတယ်။
ဦးရေပြား ခြောက်သွေ့သူတွေမှာတော့ အကြိမ်ရေလျော့ ခေါင်းလျှော်ပြီး ( moisturizing ) ဦးရေပြားစိုထိုင်းဆ ဖြည့်ပေးတာက ပိုပြီးအကျိုးရှိပါတယ်။
#ဆေးပါဝင်သော ဗောက်ပျောက်ခေါင်းလျှော်ရည်၆မျိုး
-Pyrithione Zinc Shampoos
ပိုင်ရီသီအုန်း နှင့်သွပ်ဓါတ် ပေါင်းစပ် ပါဝင်တဲ့ ခေါင်းလျှော်ရည်အမျိုးအစား မှိုသက်ဆေး ပိုးသတ်ဆေးအာနိသင်ရှိတာကြောင့် ဗောက်ရှင်းစေပါတယ်။
-Tar-based shampoos
မီးသွေးနဲ့ကတ္တရာ တွေပါဝင်တဲ့ ခေါင်းလျှော်ရည်အမျိုးအစား က ဦးရေပြားအပေါ်ယံက ဆဲလ်အသေတွေကို ဖယ်ရှားလျက် ဗောက်သေစေပါတယ်။
-SalicylicAcid Shampoos
ဆလီစီလိတ် အက်ဆစ်ပါတဲ့ ခေါင်းလျှော်ရည်တွေကတော့ ဗောက်ဖတ်အလွှာတွေ ကိုကွာကျရှင်းစေပါတယ်။
-SeleniumSulfide shampoos
ဆလီနီယမ် ဆာလ်ဖိုဒ် ခေါင်းလျှော်ရည်က ဗောက်ဖြစ်စေတဲ့မှိုတွေကို သေစေတဲ့ အာနိသင်ကောင်းကောင်းရှိပါတယ်။ ခေါင်းလျှော်ပြီး ဦးရေပြားမှာဆေးတွေ ကုန်စင် အောင် အသေအချာဆေးကြောရပါမယ်။
-Ketoconazole shampoos
ကီတိုကိုနဇိုး ခေါင်းလျှော်ရည်တွေကတော့ ဗောက်ဖြစ်စေတဲ့မှိုကို လုံးဝရှင်းလင်းနိုင် တာကြောင့် အသုံးအများဆုံး ဖြစ်ပါတယ်။
-Fluocinolone shampoos
ဖလူရိုစီနိုလုန်း ခေါင်းလျှော်ရည်က ဦးရေပြား ရောင်ရမ်းနာကျင်တာတွေကို သက်သာဖို့ ပေးတဲ့ ဆေးခေါင်းလျှော်ရည်ဖြစ်ပါတယ်။
ဒီလိုဗောက်ရောဂါကုတဲ့ ခေါင်းလျှော်ရည်တွေ အများကြီးရှိနေပေမယ့် အမျိုးအစား တစ်ခုထဲကို ရေရှည်သုံးခြင်းထက် အမျိုးအစားအစုံကို လှည့်ပတ်သုံးပေးခြင်းက ပိုထိရောက်တယ်ဆိုပြီး နိုင်ငံတကာအရေပြား ဆရာဝန်တွေက သူတို့ရဲ့ အတွေ့အကြုံကို မှတ်တမ်း ပြုထားကြပါတယ်။
စိုးရိမ်စိတ်ဖိအားတွေက ဗောက်ကို ဆိုးရွားစေတတ်သလို စိုးရိမ်စိတ်တွေကို လျှော့ချတာက ဗောက်ရောဂါကို သက်သာစေနိုင်ပါတယ်။
သွပ်ဓါတ်ကြွယ်ဝတဲ့ ပင်လယ်စာ ဗိုက်တာမင်ဘီကြွယ်ဝတဲ့ အသီးအနှံတွေ အပြင် ခွံမာအသီးတွေ စားပေးပါက ဆံသားအားကောင်းစေပြီး ဗောက်အဖြစ် နည်းစေတတ်ပါတယ်။ ခေါင်းမလျှော်ခင် ဆံပင်ကိုဆီလိမ်းပြီးနှိပ်နယ်ပေးတာက ဦးရေပြား ကျန်းမာရေးအတွက်ကောင်းပြီ ဗောက်ထတာ နည်းပါးစေပါတယ်။
နေ့စဉ် နေရောင်ခြည်ထဲ မိနစ်အနည်းငယ် ထွက်ပေးပါက နေရောင်ထဲပါလာတဲ့ အကျိုးပြုခရမ်းလွန်ရောင်ခြည်က ဗောက်ပွားခြင်းကို လျော့နည်းစေပါတယ်။ အခုနည်းလမ်းတွေကို ကမ္ဘာ့အဆင့်မီ ထိပ်တန်း Mayo Clinic ဆေးခန်းမှ အကြံပြုပေးထားပါတယ်။
အခုညွှန်ပြပေးတဲ့ ဗောက်ပျောက်နည်းလမ်းတွေ လိုက်နာလုပ်ဆောင်ကြည့်ရင်း ဗောက်ရောဂါ သက်သာကြပါစေ။ ခေါင်းမှာဗောက်ထူလွန်းလို့ အလုပ်ပျက်အောင် ခေါင်းကုတ်နေရပြီး ဦးရေပြားတွေစပ်ဖျင်းဖျင်းနဲ့ နာကျင်နေပြီဆိုရင်တော့ အရေပြား အထူးကု ဆရာဝန်နဲ့ စနစ်တကျပြသ ဆွေးနွေးသင့်ပါတယ်။
နောက်တစ်ပတ်မှာတော့ ဆီးလမ်းကြောင်းပိုးဝင်ခြင်း အကြောင်းကို တင်ဆက်သွားမှာ ဖြစ်ပါတယ်။စောင့်မျှော်ဖတ်ရှုနားဆင်ပေးပါဦးခင်ဗျာ။
AyeyarwaddyTimes ပရိသတ်များအားလုံးလည်းကျန်းမာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သလိုက်ပါတယ်။
#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #ဦးရေပြားမှိုစွဲ၍ဗောက်ထခြင်း #ဆောင်းပါး #Ayeyarwaddy_Times
(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။)