
မြရာ/ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၈ ရက်
နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ရှိ မြို့တော်ထိပ်ပန်မင်္ဂလာစေတီတော် ထီးတော်တင် အခမ်းအနားအပြီး ဘုရားပေါ်က အဆင်းတွင် စစ်ခေါင်းဆောင်၏ ဖနောင့်သံဆူး၍ နိမိတ်မကောင်းဟုဆိုကာ ယတြာချေနေရကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၃ ရက်နေ့က မြို့တော်ထိပ်ပန်မင်္ဂ လာစေတီတော် အထက်ဌာပနာသွင်းခြင်းနှင့် ရွှေထီးတော်တင်ခြင်းအခမ်းအနားကို စစ်ခေါင်းဆောင်ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့ တက်ရောက်ခဲ့ပြီး ဘုရားပေါ်က အဆင်းတွင် စစ်ခေါင်းဆောင်၏ ဖနောင့်သံဆူးခဲ့သည့်အတွက် အစိုးရိမ်လွန်ကာ ယတြာပတ်ချေနေကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။
“ဘုရားထီးတင်တာကလည်း ယတြာချေတဲ့အနေနဲ့ လာတင်တာ။ ယတြာချေတဲ့ ဘုရားမှာပဲ သံထပ်ဆူးတော့ ထပ်ပြီးယတြာချေနေတယ်။ ထပ်ပြီးချေတဲ့ ယတြာအောင်မြင်ဖို့ စစ်တိုင်းမှူးတွေကိုပါ ထပ်ပြီးယတြာချေခိုင်းထားတယ်”ဟု စစ်ခေါင်းဆောင်နှင့် နီးစပ်သည့် တပ်တွင်းသတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဖနောင့်သံဆူးခဲ့သည့် အပြင် ၎င်း၏ အခါတော်ပေးဆရာ မင်းကုသပဆိုသူက ယခုရက်ပိုင်းအတွင်း စစ်ခေါင်းဆောင် လုပ်ကြံခံရနိုင် သည်ဆိုသည့် ဟောကိန်းကြောင့် ယတြာချေမှုများကို အပြင်းအထန်လုပ် ဆောင်နေကြောင်း သိရသည်။
အဆိုပါဟောကိန်းနှင့် နိမိတ်များကြောင့် စစ်ခေါင်းဆောင်က ၎င်း၏အနီးတွင်ရှိသော ထိပ်တန်းအရာရှိ ၄၀ ကျော်ကို ခေါ်ယူကြိမ်းမောင်းခဲ့သည့်အပြင် ယင်းနိမိတ်များ ကြေပျောက်စေရန် ဆီးသီးအလုံး ၉၀ ကို စကောထဲထည့်၍ ယတြာချေမှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
“စကောထဲ ဆီးသီးအလုံး ၉၀ ထည့်လှိမ့်တဲ့ ယတြာက သူ(စစ်ခေါင်းဆောင်)ယုံကြည်ရတဲ့ အယောက် ၉၀ ကို ခိုင်းတဲ့အတိုင်းလုပ်အောင်၊ လှိမ့်ချင်တိုင်း လှိမ့်နိုင်အောင် လုပ်တဲ့ယတြာ” ဟု တပ်တွင်းသတင်းရင်းမြစ်က ပြောသည်။
စစ်ခေါင်းဆောင် အစိုးရိမ်လွန်သည့်ကိစ္စများတွင် ဘုရားထီးတင်ပွဲမှအပြန် ဇနီးဖြစ်သူ ဒေါ်ကြူကြူလှ ကျန်းမာရေး ရုတ်တရက်ဖောက်ပြန်၍ ဆေးကုသမှု ခံယူခဲ့ရသည့်အပြင် စစ်ခေါင်းဆောင်ကိုယ်တိုင် ဆင်ဖြူတော်ဟု သတ်မှတ်ထားသည့် ဆင်ကလည်း ၀မ်းသွားကာ နေမကောင်းသည့်ဖြစ်ရပ်များ ပါ၀င်သည်ဟု သတင်းရင်းမြစ်က ဆိုသည်။
ယခုကဲ့သို့ စစ်ခေါင်းဆောင် ပြုလုပ်နေသည့် ယတြာများအောင်မြင်စေရန်အတွက် စစ်တိုင်းမှူးများကပါ ထပ်ဆင့် ယတြာချေပေးနေရကြောင်း သိရသည်။
ပုံစာ- ဇန်နဝါရီ ၃ ရက်နေ့က သံဆူးခဲ့သည့် ဘုရားထီးတင်ပွဲတွင်တွေ့ရသည့် စစ်ခေါင်းဆောင်
#စစ်ခေါင်းဆောင် #ဘုရားထီးတင်သံဆူး #နိမိတ်မကောင်း #ယတြာထပ်ချေ #Ayeyarwaddy_Times