မြရာ/ဧရာ၀တီတိုင်းမ်
ဇန်နဝါရီ ၂ ရက်
ခံစစ်ပြင်ထားသည့် လားရှိုးမြို့ကို မဟာမိတ်ပူးပေါင်း တပ်ဖွဲ့များ ၀င်ရောက်မလာစေရန် စစ်ကောင်စီတပ်က လမ်းကြောင်းများကို ဖြတ်တောက်၍ တံတားများကို မိုင်းခွဲ ဖျက်ဆီးလျက်ရှိကြောင်း သိရသည်။
စစ်ကောင်စီတပ်က လားရှိုး-နမ္မတူလမ်းပေါ်ရှိ အီနိုင်းတံတားကို ပြီးခဲ့သည့် ဒီဇင်ဘာ ၃၁ ရက်နေ့ ညနေ ၃ နာရီ၃၀မိနစ်တွင် မိုင်းခွဲဖျက်ဆီးခဲ့ပြီး တံတားမှာ အလယ်မှ ထက်ပိုင်းကျိုးကျ ပျက်စီးသွားကြောင်း သိရသည်။
“မဟာမိတ်တပ်ဖွဲ့တွေက နမ္မတူကိုသိမ်းထားတော့ အဲဒီလမ်းကြောင်းကတစ်ဆင့် လားရှိုးမြို့ထဲကို ၀င်မှာ စိုးပြီး အီနိုင်းတံတားကို မိုင်းခွဲလိုက်တာ။ လက်ရှိမှာ ဆိုင်ကယ်တွေတောင် သွားမရတော့ဘူး။ လားရှိုးမြို့ထဲကို မ၀င်နိုင်အောင် ဘက်စုံနေရာစုံကနေ ဖြတ်တောက်နေတာ” ဟု တအာင်းတပ်မတော် (TNLA) နှင့်နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
မိုင်းခွဲဖျက်ဆီးခံရသည့် အီနိုင်းတံတားသည် လားရှိုး-နမ္နတူ-မန်တုံ-နမ့်ဆန်-မြို့တို့ကို အဓိကဆက် သွယ်ထားသည့် တံတားဖြစ်ပြီး လားရှိုးမြို့အတွင်းသို့ ထိုးစစ်ဆင် ဝင်ရောက်မလာစေရန် စစ်ကောင်စီတပ်က ယမန်နေ့တွင် လာရောက်မိုင်းခွဲဖျက်ဆီး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် စစ်ကောင်စီတပ်က နမ္မတူမြို့မှ ဆုတ်ခွာ ထွက်ပြေးလာသည့်တပ်များနှင့် ရှမ်းမြောက်နေရာအနှံ့မှ စစ်စခန်းများကို စွန့်ခွာထွက်ပြေးလာသည့် တပ်များကို လားရှိုးမြို့အတွင်း၌ တပ်စွဲနေထိုင်စေပြီး ထောက်ပို့လမ်းကြောင်းများကို လေကြောင်း မှသာ အသုံးပြုနေသည့်အတွက် မြေပြင်လမ်းကြောင်းများကို မဟာမိတ်အဖွဲ့များ အသုံးမပြုစေနိုင်ရေးအတွက် ယင်းကဲ့သို့ဖြတ်တောက် တားဆီးမှုများပြုလုပ်နေခြင်း ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၂၈ ရက်နေ့ကလည်း နမ္မတူမြို့ကို ထိန်းချုပ်ထားသည့် TNLA တပ်ဖွဲ့များ သီပေါမြို့အ တွင်းသို့ ၀င်ရောက်တိုက်ခိုက်လာမည့်အခြေအနေကို တားဆီးသည့်အနေဖြင့် စစ်ကောင်စီတပ်က နမ္မတူ-သီပေါလမ်းပိုင်းကို ဆက်သွယ် ထားသည့် မိုးတေတံတားကို မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။
အဆိုပါ တံတားပျက်ဆီးမှုများနှင့်ပတ်သက်ပြီး စစ်တပ်ဝါဒဖြန့်ချန်နယ်များတွင် တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များမှ ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဝါဒဖြန့်ရေးသား ဖော်ပြထားသည်။
စစ်ကောင်စီတပ်က လားရှိုးမြို့မကျစေရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ကာကွယ် ရမည်ဟုညွှန်ကြား ထားသည့်အတွက် ယခုကဲ့သို့ ပြန့်ကြဲနေသည့်တပ်များကို လားရှိုးမြို့အတွင်း စုဝေး၍တပ်စွဲစေပြီး ရှမ်း မြောက်ရှိ ဌာနဆိုင်ရာ၀န်ထမ်းများကိုလည်း မြို့အတွင်း၌ ထားရှိကာ အင်အားဖြည့်တင်းထားကြောင်း စစ်ဘက်ဆိုင်ရာ တပ်တွင်း သတင်းရင်းမြစ်ထံက သိရသည်။
ပုံစာ-စစ်ကောင်စီတပ်က လာရှိုးမြို့တွင်းသို့ မဟာမိတ်များ ဝင်ရောက်မလာနိုင်စေရန် မိုင်းခွဲဖျက်ဆီးထားသည့် တံတားများကို တွေ့ရစဉ်
#ရှမ်းမြောက်#လားရှိုး#စစ်ကောင်စီ#လမ်းကြောင်းများ#တံတား#မိုင်းခွဲ#ဖျက်ဆီး #Ayeyarwaddy_Times