ဧရာဝတီတိုင်းမ်
(တောင်ငူ)၊ နိုဝင်ဘာ ၂၆ ရက်
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ တောင်ငူမြို့ပေါ်ရှိ ခပေါင်းခန်းမတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို နိုဝင်ဘာ ၂၄ ရက်၊ ည ၈ နာရီ ၃၀ မိနစ်ခန့်က တောင်ငူမြို့ဒေသဆိုင်ရာ မြို့ပြအထူးပျောက်ကြားတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
တောင်ငူမြို့ပေါ်ရှိ စစ်ကောင်စီတပ်သားများ တပ်စွဲထားသည့် ခပေါင်းခန်းမဝင်းအတွင်းထိ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်ဒဏ်ရာရမှုများရှိနိုင်ပြီး လူနာတင်ယာဉ် သုံးစီးမှာ ခန်းမအတွင်းဝင်ရောက်သွားကြောင်း သိရသည်။
“ခန်းမအဝနဲ့ ခြံစည်းရိုးအကြားဝင်းထဲမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ။ ချိန်ကိုက်ဗုံးနဲ့ မိုင်းဆွဲခဲ့တာလို့ပြောလို့ရတယ်။ အဲ့ဒီခန်းမမှာက အာဏာစသိမ်းတည်းက အထိုင်ချထားတဲ့ စကစအဖွဲ့တွေရှိပါတယ်” ဟု တောင်ငူခရိုင်PDF တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
မိုင်းဆွဲတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှ တောင်ငူမြို့အတွင်းဝင်ရောက်ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး သေနတ်ပစ်ဖောက်မှုများပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။
အဆိုပါ စစ်ဆင်ရေးကို ဝင်ရောက်ပြုလုပ်ခဲ့သည့် တောင်ငူမြို့ဒေသဆိုင်ရာ မြို့ပြအထူးပျောက်ကြားတပ်ဖွဲ့ဝင် တော်လှန်ရေးရဲဘော်များမှာလည်း လွတ်မြောက်နယ်မြေသို့ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပြီဖြစ်ကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၇ ရက်နေ့ကလည်း တောင်ငူမြို့မှ လေးမိုင်သာကွာဝေးသည့် ခလရ ၃၉ တပ်ရင်းကို တော်လှန်ရေးပူးပေါင်းအဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ကာ တပ်သားထိခိုက်သေဆုံးမှုများရှိခဲ့ပြီး မျက်မြင်တွေ့ရှိချက်အရ တပ်ဝင်းအစောင့်တပ်သား နှစ်ဦးသေဆုံးခဲ့ကြောင်းလည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
ဓာတ်ပုံ – Bago Region PDF
#တောင်ငူ #ခပေါင်းခန်းမ #စစ်ကောင်စီတပ်စွဲ #မိုင်းဆွဲတိုက်ခိုက်ခံရ #PDF #Ayeyarwaddy_Times