ဧရာ၀တီတိုင်းမ်
နိုဝင်ဘာလ ၅ ရက်

ဧရာ၀တီတိုင်း၊ ကန်ကြီးထောင့်မြို့နယ် အမှတ်(၃)ရပ်ကွက် ပုသိမ်-မုံရွာကားလမ်းဘေးရှိ ဆီဂိုထောင်တွင် ယမန်နေ့ နို၀င်ဘာလ ၄ရက်နေ့ ည၇နာရီကျော်က မီးစတင်လောင်ကျွမ်းခဲ့ရာ ပိုင်ရှင်အပါအ၀င်လေးဦး မီးလောင်ဒဏ်ရာရရှိခဲ့ပြီး နှစ်ဦးစိုးရိမ်ရ အခြေအနေရှိကြောင်း ဒေသခံများထံက သိရသည်။

မီးလောင်မှုတွင် ဂိုထောင်ပိုင်ရှင်၏ သားဖြစ်သူ ဦးအောင်အောင်နှင့် အလုပ်သမား ဖြစ်သူမောင်ထွန်းလင်းထက်တို့တွင် တစ်ကိုယ်လုံးအရေပြား မီးလောင်သွားသည့်ဒဏ်ရာ (စိုးရိမ်ရ)၊ ပိုင်ရှင်ဖြစ်သူ ဦးဆန်းအောင်နှင့် အလုပ်သမားဖြစ်သူ ကိုအေးကျော်ကျော် တို့မှာ သာမန်ဒဏ်ရာ(မစိုးရိမ်ရ) ဒဏ်ရာများရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့မှတ်တမ်းများ အရသိရှိရသည်။

“ဓာတ်ဆီ-92 ကို သံဂေါက်နဲ့လှယ်ရာကနေမီးပွင့်ပြီး ထလောင်တာ။ အလုပ်လုပ်နေတဲ့ လေးဦး မီးလောင်ဒဏ်ရာရပြီး နှစ်ဦး စိုးရိမ်ရတယ်။ စိုးရိမ်ရတာမှာ ပိုင်ရှင်ရဲ့သားလည်း ပါတယ်။ ပုသိမ်ဆေးရုံကို ပို့ထားရတယ်။ အဲ့ဂိုထောင်က ကားလမ်းပေါ်မှာ ရှိတာ ဆီတွေ လှောင်ပြီး မြို့တွေကိုလိုက်ဖြန့်တာ” ဟု ဒေသခံတစ်ဦးက ဧရာ၀တီတိုင်မ်းကိုပြောသည်။

ဆီဂိုထောင်မီးလောင်မှုတွင် သိုလှောင်ထားသောဓါတ်ဆီပေပါများ လောင်ကျွမ်းခဲ့၍ ကန်ကြီးထောင့်တစ်မြို့လုံး ထိတ်လန့်ခဲ့ရပြီး မီးအားများလွန်းသဖြင့် ကန်ကြီးထောင့် မြို့နယ်၊ ပုသိမ်ခရိုင်၊ ဒါးကမြို့မှ မီးသတ်ကားများလာရောက် ငြိမ်းသတ်ခဲ့ရကြောင်း ဒေသခံများထံက သိရသည်။

မီးလောင်မှုကြောင့် ဆီသိုလှောင်ရုံတစ်လုံး၊ အလုပ်သမားတန်းလျှားတစ်လုံး၊ ဓာတ်ဆီ နှစ်ပေပါ နှင့် ဒီဇယ်လေးပေပါ မီးလောင်ပျက်စီးခဲ့ကြောင်းသိရပြီး လက်ရှိတွင် ဆီဂိုထောင်ပိုင်ရှင်ဖြစ်သူဦးဆန်းအောင်ကို ပုဒ်မ၂၈၅ ဖြင့် ကန်ကြီးထောင့် နယ်မြေ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း စစ်ကောင်စီ ရဲတပ်ဖွဲ့၏ မှတ်တမ်းများအရသိရသည်။

#ကန်ကြီးထောင့်မြို့ #ဆီဂိုထောင်မီးလောင်မှု #ပိုင်ရှင်အပါအ၀င်၄ဦးဒဏ်ရာရ #၂ ဦးစိုးရိမ်ရ #Ayeyarwaddy_Times