ဧရာဝတီတိုင်းမ်
(ထန်တလန်)၊ နိုဝင်ဘာလ ၁ ရက်

ချင်းပြည်နယ်၊ ထန်တလန်မြို့သည် စစ်ရေးအရ အလွန်အရေးပါသော နေရာဒေသဖြစ်သည့်အတွက် ချင်းအမျိုးသားတပ်မတော် (CNA)နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့တို့က ဆက်လက်တပ်စွဲသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ထန်ထလန်မြို့သည် ချင်းအမျိုးသားတပ်မတော်နှင့် ချင်းကာကွယ်ရေးတပ်တို့အတွက် အရေးပါသလို စစ်ကောင်စီအတွက်လည်း စစ်ရေးအရအလွန်အရေးပါ​သော နေရာဖြစ်ပြီး မြို့ပေါ်ကို ထိန်းချုပ်နိုင်ရန် နှစ်ဖက်စလုံးက အပြိုင်အဆိုင်ကြိုးစားလျက်ရှိသည်။

“ထန်တလန်မြို့ကို ကြည့်လိုက်ရင် ချင်းပြည်နယ်မြို့တော် ဟားခါးဗျူဟာနဲ့ လက်နက်ကြီးအချိန်မရွေးပစ်ခတ်နိုင်တဲ့ နေရာမှာရှိတယ်ဆိုတော့ သူတို့အတွက် အင်အတန်မှ အရေးကြီးတယ်။ ဟားခါးမြို့ထဲမှာလည်း ကျွန်တော်တို့က ခြုံခိုတိုက်ခိုက်မှုတွေ လုပ်နိုင်တယ်ဆိုတော့ အဲ့ဒီမှာ ကျွန်တော်တို့ ခြေကုတ်ယူမှာ အရမ်းကြောက်တယ်။ ကျွန်တော်တို့ အဲ့ဒီမှာ ဆက်လက်တပ်စွဲသွားမယ်´´ ဟု CNA/CNFပြောခွင့်ရဆလိုင်းထက်နီက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အာဏာသိမ်းပြီးနှစ်နှစ်အတွင်း ထန်တလန်မြို့တိုက်ပွဲတွင် CNA နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်စုစုပေါင်း ၂၀ ဦးခန့်ကျဆုံးခဲ့ပြီး ၂၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်းCNAထံမှ သိရသည်။

အလားတူ စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်တစ်ရာနီးပါးသေဆုံးခဲ့ကြောင်းသိရပြီး သေဆုံးသူထက် ဒဏ်ရာရရှိသူပိုမိုများပြားကြောင်းသိရသည်။

နှစ်နှစ်အတွင်း ထန်တလန်တိုက်ပွဲတွင် စစ်ကောင်စီဘက် မှ အရာရှိများလည်းသေဆုံးခဲ့ပြီး နောက်ပိုင်းတိုက်ပွဲများတွင် ထိခိုက်ဒဏ်ရာရရှိသူအရေအတွက်ကို အတိအကျမသိရတော့ပေ။

အရှေ့မြောက်ဒေသ(ရှမ်းမြောက်)တွင် စစ်ရှုံးနေသော စစ်ကောင်စီသည် ၎င်းတို့ တပ်တွင်းနှင့် ပြည်သူများကို လိမ်ညာလှည့်ဖြားရန်အတွက် အနောက်ဘက်ရှိ ထန်တလန်မြို့ကို အလုံးစုံထိန်းချုပ်ထားနိုင်ပြီဟု အောက်တိုဘာလ ၃၀ ရက်နေ့ နှင့် ၃၁ နေ့တို့တွင် လိမ်လည်ဝါဒဖြန့်ခဲ့ကြောင်း ချင်းတော်လှန်ရေး အင်အားစုများက ပြောကြားသည်။

ဓာတ်ပုံ-ချင်းအမျိုးသားတပ်မတော်(CNA)နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်များ

#ထန်တလန်မြို့ #စစ်ရေးအရအရေးပါ #CNA #ချင်းကာကွယ်ရေးတပ် #ဆက်လက်တပ်စွဲသွားမည် #Ayeyarwaddy_Times