
ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၂၀ ရက်
ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်၊ ကျုံတိုင်းကြီးကျေးရွာအုပ်စု၊ ကံစုကျေးရွာတွင် ဇူလိုင်လ ၁၈ ရက်နေ့ ညပိုင်းက ဖဲရှုံး၍ ငါးမွေးကန်ထဲ ငါးဝင်ခိုးသူ ၃ ဦးအား ရွာသားများက ဝိုင်းဝန်းဖမ်းဆီးရယးာ ၂ ဦးဖမ်းမိကာ ၁ ဦးထွက်ပြေးလွတ်မြောက်သွားကြောင်း သတင်းရရှိသည်။
” ပန်းတနော်မြို့နယ်မှာ ဖဲဝိုင်းတွေအရမ်းဖြစ်နေတယ်။ နေ့စဥ်ရက်ဆက်ပဲ လူသေလို့လုပ်တာမဟုတ်ဘူး။ နှစ်ပတ်လည် လလည်းကို ရက်လည်သလိုလုပ်နေတာ။ ၇ ရက် ၈ ရက် တော်တော်ဆိုးတယ်။ အခုမိတဲ့သူတွေကလည်း ဖဲဝိုင်းမှာ ဖဲရှုံးပြီ အပြန် ဝင်ခိုးတာ။ နောက်ထပ်ဒါမျိုးမဖြစ်အောင်လုပ်သင့်တယ် “ဟု ပန်းတနော်မြို့ခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အခင်းဖြစ်ပွားခဲ့ရာ ကျုံတိုင်းကြီးကျေးရွာအုပ်စုမှာ ဖဲဝိုင်း၊ကျွင်းဝိုင်းနှင့် လောင်းကစားဝိုင်းများကို ပေါ်ပေါ်ထင်ထင်ပြုလုပ်နေသည့် ကျေးရွာအုပ်စုတစ်ခုဖြစ်ကြောင်း သိရသည်။
“ခိုးတဲ့သူကိုသာဖမ်းနေတာ အရင်းကိုမလိုက်ဘူး။ ခိုးတာဖမ်းတယ်။ ဘာလို့ဖမ်းလည်းခိုးလို့ဖမ်းတယ်ါ ဘာလို့ခိုးလည်းဆိုတာကိုမလိုက်ဘူး။ ဖဲဝိုင်းတွေ အခြားလောင်းကစားဝိုင်းတွေမှာ နေ့ရော ညရော ကစားနေတဲ့သူတွေ ငွေဘယ်ကရလဲကလေးတောင်သိတယ်။ အရင်းကိုမစစ်ပဲ ခိုးတာကိုဖမ်းတယ်။ လောင်းကစားဝိုင်းတွေကျတော့အုပ်ချုပ်ရေးပိုင်းကလူတွေကလွှတ်ထားပေးတယ် “ဟု ပန်းတနော်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပန်းတနော်မြို့နယ်အတွင်း စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံများက လိုင်းကြေးယူကာ ဖဲဝိုင်း၊လောင်းကစားဝိုင်းများအား တရားဝင်ကဲ့သို့ ခွင်ပြုထားမှုကြောင့် နေ့စဥ် လောင်းကစားဝိုင်းများပိုမိုများပြားလာပြီး ခိုးမှုများနေ့စဥ်ဖြစ်ပွားလျှက်ရှိနေကြောင်း ဒေသခံများ၏ ပြောဆိုချက်များအရ သိရသည်။