
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၃ ရက်
စစ်ကောင်စီက ဒေါ်လာလိုအပ်ချက်ကြောင့် ပြည်တွင်းဆန်ဈေးနှုန်းများ မြင့်တက် နေချိန်တွင် ပြည်ပသို့ဆန်တင်ပို့မှု အဆက်မပြတ်ရှိနေပြီး ဩဂုတ်လအတွင်း ဆန်တင်ပို့မှု မြင့်တက်လာကာ ပို့ကုန်ဝင်ငွေအမေရိကန်ဒေါ်လာ ၂၈ သန်းရရှိကြောင်း စက်တင်ဘာ ၁ ရက်နေ့ ရက်စွဲဖြင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်သည်။
ပြည်ပသို့ ဆန်တင်ပို့ရာတွင် ဩဂုတ်လနှင့် ဇူလိုင်လ နှိုင်းယှဉ်ချက်အရ အမေရိကန် ဒေါ်လာ နှစ်သန်း ပို့ကုန်ဝင်ငွေတိုးရပြီး ဩဂုတ်လအတွင်းကုမ္ပဏီ ၄၂ ခုမှ ဆန်တင်ပို့မှု ၃၃,၇၅၅ မက်ထရစ်တန် နှင့် ဆန်ကွဲတင်ပို့မှု ၂၆,၂၁၆ မက်ထရစ်တန်ဖြင့် ဆန်တင်ပို့မှုမြင့်တက်ကာ ဆန်ကွဲတင်ပို့မှု လျော့နည်းသွားပြီး ပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ၂၈သန်းရရှိခြင်း ဖြစ်ကြောင်းသိရသည်။
ဇူလိုင်လတွင် ဆန်တင်ပို့မှု ၂၁၇၆၂ မက်ထရစ်တန် နှင့် ဆန်ကွဲတင်ပို့မှု ၃၆၅၇၂ တန်ရှိကာ ပို့ကုန်ဝင်ငွေ အမေရိကုန်ဒေါ်လာ ၂၆ သန်းရရှိကြောင်း အသင်းထုတ်ပြန်ချက် အရ သိရသည်။
“ ဆန်ပြည်ပတင်ပို့မှုကိုရပ်နားထားခြင်းမရှိဘဲ ပြည်ပတင်ပို့ရန်ဆန်စုဆောင်းမှု ၁၀၀ ရာခိုင်နှုန်းရှိတဲ့ ကုမ္ပဏီတွေကို (Pre Shipment Inspection) စနစ်တကျစိစစ်ပြီး ပို့ကုန် လိုင်စင်ထုတ်ပေးနေလျက်ရှိတယ်”ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ထံက သိရ သည်။
ပြည်ပဆန်တင်ပို့ရာတွင် ဧည့်မထ အုပ်စုဆန်များ၊ ကရင်မ၊ ထွန်းပု၊ ငစိန် စသော ဆန်များ၊ ပေါင်းဆန်များကိုသာ အဓိကပို့ပြီး ပြည်တွင်းအဓိကစားသုံးသော ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်းနှင့် ပေါ်ဆန်းအုပ်စုဝင်များ၊ ဧရာမင်း၊ ဧရာပဒေသာအပါအဝင် အညာသားနှင့် ပခန်းဆန်တို့ကို ပြည်တွင်းဈေးကွက်အတွက် ဦးစားပေး ရောင်းချနေပြီး ပြင်ပနိုင်ငံသို့ ယင်းအမျိုးအစားဆန်တင်ပို့ခြင်းမရှိကြောင်း အသင်း၏ထုတ်ပြန်ချက်တွင် ပါဝင်သည်။
မကြာမီကောက်စောစပါးသစ် ပေါ်ထွက်လာတော့မည်ဖြစ်ပြီး ယခုနှစ်တွင် စပါးလက်ကျန်၊ ဆန်လက်ကျန် လုံလုံလောက်လောက်ရှိကြောင်း မြန်မာနိုင်ငံဆန် စပါးအသင်းချုပ်က ဆိုထားသည်။
“အဲ့ဒါက ပြည်သူအတွက်မဟုတ်ဘဲနဲ့ ကုန်သွယ်မှုအတွက်ပဲရှိနေတော့ အဲဒီ အကျိုးဆက် ကြောင့် ဆန်စပါးရှားပါး တာကြုံရမယ်။ အခုလည်းကြုံနေရတာပဲ။ နောက်ဆို ပိုဖြစ်လာလိမ့်မယ်။ ဆန်ဈေးနှုန်း ပိုပြီး တော့ မြင့် တက်လာလိမ့်မယ်”ဟု ဆန်လုပ်ငန်းရှင်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင်ဆန်စပါးအများဆုံးစိုက်ပျိုးရာဒေသများ စစ်ကိုင်း၊ ပဲခူးတိုင်းတို့တွင် စစ် မျက်နှာ ဖြစ်၍ စပါးစိုက်ပျိုးမှုလျော့ကျခြင်း၊ ရာသီဥတုဖျက်ဆီးမှုကြောင့် လယ်ယာစိုက်ဧက ပျက်စီးမှုများဖြစ်ပေါ်နေ၍ လာမည့်မိုးစပါးထွက်ချိန်တွင် စပါးထွက် နှုန်းလျော့နည်းမည်ဖြစ်ကြောင်း တောင်သူများထံက သိရသည်။
“ဆန်စပါးဒီနှစ်မှာမပိုလျှံနိုင်တဲ့အတွက် ကုန်သည်တွေကအလုအယက် ဝယ်ကြ လိမ့်မယ်။ ကုန်သွယ် လမ်းကြောင်းကတော့ရှိနေလိမ့်မယ်။ အဲဒါကြောင့် ဆန်စပါး ပိုပြီးတော့ရှားပါးလာမယ်။ ရှားပါးလာတဲ့အတွက်ကြောင့် ဈေးနှုန်းကလည်း ဒီပုံမှန်အနေ အထားထက် အဆမတန်မြင့်တက်သွားလိမ့်မယ်” ကုန်သည်တစ်ဦးက ပြောသည်။
ယင်းပြင် မိုးစပါးထွက်ချိန်တွင် စပါးပေါ်ပေါ်ခြင်းတောင်သူများက ကြွေးဆပ်ရန် ရောင်းချပြီးနောက် ရင်းနှီးငွေများသော ဆန်စပါးကုန်သည်များက ဆန်စပါးဝယ် လှောင်ထားခြင်းများရှိကြောင်း တောင်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ဖြေကြားသည်။
ထို့ပြင် စက်တင်ဘာလလယ်တွင် စပါးများ၊ ဆန်များ သိုလှောင်ထားမှုကိုလည်း နည်းမှန် လမ်းမှန် ထိန်းကျောင်း နိုင်ရန်နှင့် ဈေးကစားလိုသည့် သဘောဖြင့် သိုလှောင်မှု မဖြစ်စေရန် သိုလှောင်မှု( Online Registration ) ပြုလုပ်ရမည်ဟု မြန်မာနိုင်ငံဆန် စပါးအသင်းချုပ် ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဩဂုတ်လဆန်းမှ စတင်ကာ ပြည်တွင်းဆန်ဈေးနှုန်းများ အဆမတန်မြင့်တက်လာပြီး ရွှေဘိုပေါ်ဆန်းမွှေးထိပ်စ တစ်အိတ်လျှင် တစ်သိန်း ခုနစ်သောင်း အထိမြင့်တက်သွားကာ အနိမ့်ဆုံးဆန်အမျိုးအစား ဆန်တစ်အိတ်လျှင်ပင် ကျပ် တစ်သိန်းကျော် အထိရောက်ရှိခဲ့သည်။
ဓာတ်ပုံ- လူမှုကွန်ရက်
#စစ်ကောင်စီပြင်ပဆန်တင်ပို့မှုမြင့်တက် #ဩဂုတ်လအတွင်း #ဒေါ်လာနှစ်သန်းပို့ကုန် #Ayeyarwaddy_Times