နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မေလ ၁၇ ရက်

အာဏာသိမ်း စစ်ကောင်စီသည် “မိုခါ” ဆိုင်ကလုန်းမုန်တိုင်းနှင့် ပတ်သက်၍ တာဝန်ယူစိတ်မဲ့နေပြီး နိုင်ငံတကာတွင် ၎င်းတို့၏ ပုံရိပ် ကျဆင်းနေချိန်တွင် တစ်ချက်ခုတ်၊ နှစ်ချက်ဖြတ် လုပ်ဆောင်နေခြင်းသာဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက သုံးသပ်ပြောဆိုသည်။

အလွန်အားကောင်းသည့် “မိုခါ” ဆိုင်ကလုန်းမုန်တိုင်းသည် ပြီးခဲ့သည့် မေလ ၁၄ ရက်က မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းဒေသများသို့ စစ်တွေ့မြို့ အနီးမှ ဖြတ်ကျော်ဝင်ရောက်ကာ တိုက်ခတ်ခဲ့သဖြင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှု များနှင့် လူသေဆုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

“အဲဒီပုဂ္ဂိုလ်(မအလ) ရခိုင်ကို သုံးကြိမ်လာလို့ စစ်တွေမှာ ဒုက္ခရောက်တာလို့ ပြောနေကြပါတယ်။ ဘယ်ဟာမှန်သလဲတော့ ပြောရခက်တယ်။ လက်တွေ့ကတော့ သူ့တို့(စကစ)တာဝန်ရှိတဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေ၊ လုံခြုံရေးတပ်ဖွဲ့တွေ လူထုလုပ်ငန်းတွေမှာပါဝင်တာ ကျွန်တော်တို့ မတွေ့ပါဘူး။ ဒါကတော့ တော်တော်လေးကို တာဝန်ယူစိတ်မဲ့တဲ့ အနေအထားလို့ ကျွန်တော်တော့ မြင်ပါတယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်း စိုးနိုင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

“မိုခါ” ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် နိုင်ငံတဝန်း တိုင်းနှင့်ပြည်နယ်များရှိ ရပ်ကွက်၊ ကျေးရွာများက လူနေအိမ် ၈၆၄ လုံး၊ သာသနိက အဆောက်အဦ ၁၁ လုံး၊ ဘုန်းတော်ကြီးကျောင်း ၁၆ ကျောင်း၊ စာသင်ကျောင်း ၆၄ ကျောင်း၊ ဆေးရုံ ဆေးခန်း ၁၄ ခု၊ ဆက်သွယ်ရေး တာဝါတိုင် ၇ ခု၊ လမ်းမီးတိုင် ၇၁ တိုင်၊ ဌာနဆိုင်ရာ အဆောက်အဦ ၃၈ လုံး ပျက်စီးခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

“စစ်တွေဆိုရင် ၉၀ ရာခိုင်နှုန်းလောက် ပျက်စီးသွားပြီ။ ဘာမှ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ ရောက်မလာဘူး။ နောက်တစ်ခုက ဒီလုပ်ငန်းတွေကို လုပ်ဆောင်ပေးမယ့် သူတို့(စကစ) သက်ဆိုင်ရာတွေလည်း မလာကြပါ ဘူး။ ဒါကတော့ တော်တော်ဝမ်းနည်းစရာကောင်းတဲ့ အခြေအနေလို့ ကျွန်တော်တို့ မြင်ပါတယ်” ဟု ဦးသန်းစိုးနိုင်က ပြောသည်။

မုန်တိုင်းဒဏ်သင့် စစ်တွေမြို့သို့ မေလ ၁၅ ရက်က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သွားရောက်ခဲ့ပြီး ရခိုင်ပြည်နယ်အား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မူလအခြေအနေထက် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားရန်နှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ပြည်ထဲရေးဝန်ကြီးဌာနမှ အဓိကဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ဒီလို နိုင်ငံတကာပုံရိပ် ကျနေချိန်မျိုး ပြည်သူတွေကိုလည်း တစ်ဖက်လှည့်နဲ့ နိုင်ငံတကာငွေကြေး အထောက်အပံ့နဲ့ ကူညီနိုင်တယ်ဆိုရင် နာမည်ကောင်းထွက်နိုင်သလို ပြည်သူ့ထောက်ခံမှုတွေ ရရှိနိုင်အောင် အဲဒီလို သူ့ (မအလ)ဘက်ကတော့ တစ်ချက်ခုတ်၊ နှစ်ချက်ဖြတ်တော့ လုပ်ဆောင်မှာပါ။ ဒါပေမယ့် စေတနာကတော့ အရေးကြီးပါတယ်” ဟု ရခိုင်ဝါရင့် နိုင်ငံရေးသမား ဦးဖေသန်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် မုန်တိုင်းဒဏ်သင့် ဒေသများတွင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ငွေကျပ်သိန်း ၁၀,၀၀၀ ကို မတည်ခဲ့ပြီး စုစုပေါင်း အလှူငွေကျပ် သိန်းပေါင်း ၁၃၁,၈၁၀ သိန်း ကို လက်ခံရရှိခဲ့သည်ဟုဆိုကာ ယင်းအနက်မှ ရခိုင်ပြည်နယ်အတွက် ငွေကျပ် သိန်းပေါင်း ၇၀,၀၀၀ အသုံးပြုသွားမည်ဟု ဆိုသည်။

“ပြည်သူတွေကို အရေးအကြောင်းရှိရင် သူ(မအလ)မနေဘူး လုပ်ဆောင်နေပါတယ်ဆိုတဲ့ ပုံရိပ်ပြချင်တာပေါ့။ ဒါပေမယ့် သူ့(မအလ) ဘတ်ဂျက်လောက်နဲ့ မလုံလောက်ဘူးဗျ။ နိုင်ငံ့ဘတ်ဂျက်တွေကို စစ်စရိတ်တွေမှာ သုံးထားတဲ့အခါ ဒီလိုအရေးပေါ် ရောက်ပြီဆိုရင် သူ့မှာအရံငွေ အဲလောက်ကြီး ပိုပိုလျှံလျှံ မရှိနိုင်ဘူးလေ။ သဘာဝဘေးအန္တရာယ်အတွက် သုံးမယ့်ငွေဟာ မလုံလောက်ဘူးဆိုတာ သူ(မအလ)သိတယ်။ အဲဒါကြောင့် နိုင်ငံတကာအကူအညီတွေ ဖိတ်ခေါ်နေတာလို့ မြင်ပါတယ်” ဟု ဦးဖေသန်းက ပြောသည်။

စစ်ကောင်စီကို ခရိုနီများ၊ ၎င်းတို့ထံမှ ပရောဂျက်ရရှိထားသူများ၊ စစ်ကောင်စီ ပေးအပ်ထားသည့် ဘွဲ့တံဆိပ်ရရှိထားသူများက ငွေရေးကြေးရေးအရ ကူညီမှုများရှိနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် က သုံးသပ်ပြောသည်။

#မိုခါ #စစ်ကောင်စီ #တာဝန်ယူ #ဆိုင်ကလုန်းမုန်တိုင်း
#Ayeyarwaddy_Times