ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၂ ရက်

ဧရာဝတီတိုင်းမှာ တိုင်းရဲတပ်ဖွဲ့မှူးရဲ့နေအိမ်အပါဝင် ရဲအရာရှိကြီးတွေရဲ့နေအိမ်တွေမှာ CCTV တပ်ဆင် စောင့်ကြည့်တာတွေပြုလုပ်လာတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းရဲ့မြို့တော် ပုသိမ်မြို့မှာနေထိုင်တဲ့ တိုင်းရဲတပ်ဖွဲ့မှူး တင်ဇော်ထွန်း၊ ဒုတိုင်းရဲတပ်ဖွဲ့မှူး၊ တိုင်းဦးစီးပထမတန်း(ဦး/ရေး/ထောက်) ဂျီဝမ်းနဲ့ ပုသိမ်ခရိုင်ရဲတပ်ဖွဲ့မှူးတို့ရဲ့ နေအိမ်တွေနဲ့ ခြံစည်းရိုးတွေမှာ CCTV တွေကို ဇွန်လက စတင်တပ်ဆင်ခဲ့တာလို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက သိရပါတယ်။

“ တိုင်းတပ်ဖွဲ့မှူး၊ ဒုတိုင်း၊ ဂျီဝမ်းနဲ့ ခရိုင်မှူးနေအိမ်တွေမှာ တပ်ထားတာ အဝင်အထွက်လမ်းနဲ့ အိမ်ခြံဝန်းမြင် ကွင်းကို မြင်အောင်တပ်ထားတဲ့ သဘောပါ တိုက်ခိုက်မှုတွေကို ကြိုတင်ကာကွယ်လို့ရအောင်ပြင်ဆင် ထားတာ” လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရဲတပ်ဖွဲ့ဝင် တဦးက ပြောပါတယ်။

တိုင်းရဲတပ်ဖွဲ့မှူးနေအိမ်က မြကျွန်းသာအိမ်ယာစီမံကိန်းအဝင်လမ်းမှာရှိပြီး ဒုတိုင်းတပ်ဖွဲ့မှူးနဲ့ ပုသိမ်ခရိုင် ရဲတပ်ဖွဲ့မှူးနေအိမ်တွေက ထောင်ကုန်လမ်းအဝင်နဲ့ သစ္စာလမ်းထောင့်မှာရှိတာကြောင့် ရဲလိုင်းခန်းပြင်ပမှာ ရှိနေတဲ့ အရာရှိကြီးတွေနဲ့နေအိမ်ကို လုံခြုံရေးတိုးမြှင့်တဲ့သဘောလုပ်ဆောင်နေတာလို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြို့နယ်အလိုက်မှာပေါ်ပေါက်လာတဲ့ မြို့ပြပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ တွေရဲ့ မီးပုလင်းနဲ့ ဗုံးပစ်မယ့် အန္တရာယ်တွေကို ကြိုတင်ကာကွယ်နိုင်အောင် CCTV တွေတပ်ဆင်အသုံးပြု နေတာလို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက သိရပါတယ်။

ဧရာဝတီတိုင်းမှာ ၂၀၂၁ ခုနှစ်အတွင်း စစ်ကောင်စီလက်အောက်ခံ ရဲစခန်းနဲ့ စစ်ဆေးရေးဂိတ်တွေကို မီးပုလင်းနဲ့ ဗုံးပစ်တိုက်ခိုက်မှု ၅ ကြိမ်ထိရှိခဲ့ပြီး ၂၀၂၂ ခုနှစ်ထဲမှာတော့ တိုက်ခိုက်မှုမရှိတော့ဘူးလို့ တော်လှန် ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။