ဗွီအာတီ/ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၁ ရက်
ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ စောင်ထီးကျေးရွာနှင့် လုံတွမ်းကျေးရွာကြားမှာ ဇူလိုင်လ(၁၁)ရက်နေ့၊ နံနက်(၉)နာရီ (၅၀)မိနစ်အချိန်ခန့်က CDF-Matupiနှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် (၂) ဦး သေဆုံးကာ (၂) ဦး ထက်မနည်းဒဏ်ရာရရှိကြောင်း CDF-Matupiမှ သတင်းထုတ်ပြန်ထားသည်။
“ယနေ့၊ နံနက်ပိုင်းကနေ စတင်ပြီး သေနတ်သံတွေ ကြားရတယ်၊ သိပ်မကြာခင်မှာပဲ (၁၄၀)တပ်ရင်းနှင့် စစ်ဗျူဟာကုန်းဘက်တွေကနေ လက်နက်ကြီးတွေ (၅)ကြိမ်မက ပစ်ကူသံတွေ ဆက်တိုက်ကြားရတယ်၊ တိုက်ပွဲဖြစ်ပွားတဲ့ အနီးနားတဝိုက်က ကျေးရွာနေ ပြည်သူလူထုတွေလည်း တောတောင်ထဲမှာ ပုန်းခိုနေကြတယ်လို့ သိရပါတယ်”လို့ မတူပီမြို့၊ ဒေသခံတစ်ဦးက ဧရာဝတီတိုင်မ်းကို ပြောသည်။
အဆိုပါတိုက်ပွဲတွင် CDF-Matupiဘက်မှ အထိခိုက်မရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပြီး စစ်ကောင်စီတပ်ဘက်မှ စစ်ကြောင်းထိုးလာခြင်းကြောင့် ဆက်လက်တိုက်ပွဲပြင်းထန်လာနိုင်ကြောင်း CDF-Matupiမှ ရဲဘော်တစ်ဦးကဆိုသည်။
စစ်ကောင်စီတပ်ဘက်မှ CDF-Matupi၊ တပ်ရင်း(၂)ထိန်းချုပ်နယ်မြေဘက်သို့ စစ်ကြောင်းထိုးလာခြင်းကြောင့် ဇူလိုင်လ(၆)ရက်နေ့မှ စတင်ကာ ဇူလိုင်လ(၁၁)ရက်နေ့အထိ တိုက်ပွဲဆက်တိုက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ စုစုပေါင်း(၁၁)ဦးသေဆုံးခဲ့ကြောင်းCDF-Matupi၏ ထုတ်ပြန်ချက်အရသိရသည်။