ဧရာဝတီတိုင်းမ်
(ပေါက်)၊ မတ်လ ၂၄ ရက်
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ပေါက်မြို့အဝင်တွင် တပ်စွဲကာ ငွေကြေးကောက်ခံနေသည့် စစ်ကောင်စီတပ်အားပြီးခဲ့သည့် မတ်လ ၂၂ ရက်နေ့ နေ့လယ် ၁၂ နာရီဝန်းကျင်တွင် မြိုင်(ပကဖ)နှင့် ပူးပေါင်းအဖွဲ့မှ တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။
ပေါက်မြို့အဝင်ရှိ အိမ်တွင်းမှုကျောင်း၌ တပ်စွဲထားသည့် အင်အား ၃၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သား ၅ ဦးဝန်းကျင် ဒဏ်ရာရခဲ့ကြောင်း သိရသည်။
” လက်နက်ကြီး၊ လက်နက်ငယ်နဲ့ အပြန်အလှန်ပစ်ခတ်မှု တိုက်ပွဲဖြစ်ပွားခဲ့တယ်။ ၁၈ မိနစ်လောက်ပဲ ကြာတယ်။ အဲ့ဒီစခန်းက စစ်ကောင်စီတပ်သား၊ ရဲ နဲ့ ပျူ တွေပေါင်းပြီး ပြည်သူတွေဆီက ငွေကြေးကောက်ခံတာတွေပြုလုပ်နေလို့ ဝင်ပစ်တာပါ” ဟု မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်လက်ယာက ဧရာဝတီတိုင်းမ် ကိုပြောသည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ခရီးသွားပြည်သူများအား စိတ်အနှောင့်အယှက် ဖြစ်သည်အထိ စစ်ဆေးမှုများရှိနေပြီး ငွေကြေးကောက်ခံရာတွင်လည်း ခြိမ်းခြောက် ငွေညှစ်မှုများရှိနေသည့်အတွက် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ တိုက်ခိုက်မှုကို ပေါက်ကာကွယ်ရေးဗိုလ်တစ္ဆေအဖွဲ့၊ ပေါက်ကျေးရွာ ကာကွယ်ရေး အဖွဲ့များနှင့် မြိုင်(ပကဖ) တပ်ရင်း(၁) ၊ တပ်ခွဲ-၃၊ တပ်စိတ်-၄ အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြိုင်(ပကဖ)နှင့်ပူးပေါင်းအဖွဲ့သည် ပြီးခဲ့သည့် မတ်လ ၂၀ ရက်နေ့ကလည်း ပေါက်မြို့နယ်အတွင်းရှိ သရော်ကိုင်းပျူစောထီးစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
#စစ်ကိုင်းတိုင်း #ပေါက်မြို့နယ် #စစ်ကောင်စီဂိတ်စခန်း #မြိုင်ပကဖ #ပစ်ခတ်တိုက်ခိုက် #Ayeyarwaddy_Times