ဧရာဝတီတိုင်းမ်
(မုံရွာ)၊ မတ်လ ၁၆ ရက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သာစည်အကျဉ်းထောင်ကို ယမန်နေ့ မတ်လ ၁၅ ရက်နေ့ ည ၁၂ နာရီဝန်းကျင်တွင် လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Chindwin Attack Force က ထုတ်ပြန်ထားသည်။

သာစည်အကျဉ်းထောင်တွင် တပ်စွဲထားသည့် အင်အား ၅၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်သားများကို ၆၀-မမလက်နက်ကြီး နှစ် လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများ အများအပြားရှိနိုင်ပြီး အတည်ပြုနိုင်ခြင်းမရှိကြောင်းသိရသည်။

“ကျွန်တော်တို့ပစ်ခတ်ခဲ့ပြီးနောက်မှာ ပြန်လည်ပစ်ခတ်တာမျိုးမရှိပါဘူး။ အကျဉ်း ထောင်မှာ တပ်ထားစွဲထားတာက အင်အား ၅၀ ဝန်းကျင်လောက်ရှိတယ်။ အရာတော်၊ သစ်ကျင်းကြီးရွာမှာ အထိုင်ချထားတဲ့ ပျူနဲ့စစ်ကောင်စီတပ်သားတွေကိုလည်း မတ်လ ၁၅ ရက်နေ့မှာပဲ ၆၀-မမနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်” ဟု Chindwin Attack Forceပြန်ကြားရေး တာဝန်ရှိသူက ဧရယဝတီတိုင်းမ်ကိုပြောသည်။

ထို့အပြင် Chindwin Attack Forceသည် မတ်လ ၁၅ ရက်နေ့ နံနက် ၅ နာရီဝန်းကျင်ခန့်တွင် အရာတော်မြို့နယ်၊ သစ်ကျင်းကြီးကျေးရွာ၌ စခန်းချထားသည့် စစ်ကောင်စီတပ်သားနှင့် ပျူစောထီးများပါဝင်သည့် တပ်စခန်းအား လက်နက်ကြီး ၆၀ မမ ၄ လုံးဖြင့် ပစ်ခတ်ခဲ့ရာ ထိခိုက်သေဆုံးမှုများနိုင်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုအား မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ( Chindwin Attack Force) တပ်ရင်း-၄၊ တပ်ခွဲ-၂ ခွေးသတ်မုဆိုး PDFတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မုံရွာမြို့နယ်တွင် ပြီးခဲ့သည့် မတ်လ ၁၄ ရက်နေ့ကလည်း မုံရွာမြို့နယ်အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်အား Chindwin Attack Forceနှင့်ပူးပေါင်းတပ်ဖွဲ့မှ လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ရာ တပ်သား ၆ ဦးဝန်းကျင်သေဆုံးခဲ့ကြောင်း အဆိုပါအဖွဲ့ထံက သိရသည်။

#စစ်ကိုင်းတိုင်း #မုံရွာမြို့နယ် #သာစည်အကျဉ်းထောင် #စစ်ကောင်စီတပ် #လက်နက်ကြီး #ပစ်ခတ် #Ayeyarwaddy_Times