နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
မတ်လ ၁၆ ရက်

‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆန်းမြို့တွင် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး ကော်မတီ (FPNCC)အဖွဲ့ဝင် မြန်မာနိုင်ငံမြောက်ပိုင်းရှိ မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အထူးအစည်းအဝေး ပြုလုပ်နေကြောင်း အဆိုပါ အဖွဲ့များ ထံက သိရသည်။

အထူးဆွေးနွေးပွဲကို မတ်လ ၁၄ ရက်နေ့က စတင်ခြင်းဖြစ်သည်ဟု သိရှိရပြီး အစည်းအဝေး ပြီးဆုံးပါက ထုတ်ပြန်ကြေညာခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ထုတ်ပြန်ချက် ထုတ်မယ်လို့တော့ ပြောတယ်နော်။ ကျွန်တော်လည်း ခရီးလွန်နေလို့ ဘာမှ မသိရဘူး။ ဘယ်နေ့ဘယ်နှစ်ရက် ကျင်းပမယ်ဆိုတဲ့ အချက်အလက်တွေ ကျွန်တော်လည်း မသိရဘူး” ဟု “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ ပြောခွင့်ဆိုခွင့်ရှိသူ ဦးညီရန်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အလားတူ FPNCC အဖွဲ့ဝင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA)ပြောခွင့်ဆိုခွင့်ရှိသူ ဗိုလ်ကြီးသီဟရာဇာနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူတို့ကလည်း ယင်းဆွေးနွေးပွဲနှင့် ပတ်သက်၍ မသိရသေးကြောင်း ဧရာဝတီတိုင်းမ်ကို ပြောသည်။

တရုတ်အစိုးရ၏ အာရှရေးရာဆိုင်ရာ အထူးကိုယ်စားလှယ် တိန့်ရှီကျန်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင်များဖြစ်ကြသည့် UWSA၊ KIO/KIA နှင့် NDAA တို့၏ ဌာနချုပ်များသို့ လာရောက်ခဲ့ပြီးနောက် ယခု တွေ့ဆုံမှု ဖြစ်လာခြင်းဖြစ်သည်။

ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး ကော်မတီ (FPNCC)တွင် “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည် တပ်မတော်(SSPP/SSA)၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA)၊ အမျိုးသားဒီမို ကရက်တစ်မဟာမိတ်တပ်မတော် (NDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရက္ခိုင့်တပ်တော် (AA)နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)တို့ ပါဝင်ပြီး ယင်းအဖွဲ့များသည် NCA လက်မှတ်ရေးထိုးထားခြင်း မရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များဖြစ်သည်။

#ပန်ဆန်း #FPNCC #မြောက်ပိုင်းမဟာမိတ် #အထူးအစည်းအဝေး #ထုတ်ပြန်ကြေညာ #Ayeyarwaddy_Times