ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၀ ရက်

ပဲခူးတိုင်း(အနောက်ခြမ်း)၊သာယာဝတီခရိုင်၊ အုတ်ဖိုမြို့ နယ်၊ ဝိုင်းကျေးရွာအုပ်စု၊ ကိုင်းတောစုရွာက စစ်ကောင်စီခန့်ရာအိမ်မှူးလင်မယား ဇူလိုင်လ ၉ ရက် မနေ့ည ၇နာရီခွဲလောက်မှာ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ပစ်သတ်ခံရတဲ့သူတွေဟာ ကိုင်းတောစုရွာက စစ်ကောင်စီ ခန့်ရာအိမ်မှူး တင်မောင်လွင်နဲ့ သူ့ရဲ့ဇနီးဖြစ်သူ မရီဝင်း တို့ဖြစ်ပြီးတော့ ကိုင်းတောစုရွာကို PDF ကင်းစင်အောင် လုပ်မယ်လို့ပြောဆိုပြီး PDF တွေနဲ့မိသားစုဝင်တွေ၊ ထောက်ပံ့နေသူတွေကို သတင်းပေးပြီးဖမ်းဆီးခိုင်းနေတာလို့ ဒေသခံတွေကဆိုပါတယ်။

” အဲ့ဒီရွာတွေက အုတ်ဖိုမြို့နယ်ထဲဆိုပေမယ့် ပဲခူးရိုးအစပ်နားလောက်မှာ ရိုးအခြေလို့ပြောရမှာပေါ့။ မနေ့ည ၇ ခွဲလောက်မှာပစ်သွားတာ၊ ၂ ယောက်လုံးသေတယ်။ သူတို့ ရာအိမ်မှူးလင်မယားက သူတို့ရွာကို PDF ကင်းစင်စေရမယ်၊ ကင်းစင်အောင်လုပ်မယ်ဆိုပြီး PDF နဲ့ပတ်သက်တဲ့သူရော၊မပတ်သတ်တဲ့သူရော ထောက်ပံ့တယ်ဆိုပြီး သတင်းပေးဖမ်းခိုင်းနေတာ” လို့ ဒေသခံတဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

အဲ့ဒီပစ်ခတ်ရှင်းလင်းမှုကိုသာယာဝတီခရိုင် PDFတပ်ရင်း အမှတ် ၃၈၀၁ တပ်ခွဲ ၁ က လုပ်ဆောင်ခဲ့တာဖြစ်ပြီး အဲ့ဒီရာအိမ်မှူးလင်မယားဟာ ရပ်ရွာလူထုကိုမောက်မာရိုင်းစိုင်းပြီး PDF နဲ့ ထောက်ပံ့သူတွေရဲ့ သတင်းတွေကို စစ်ကောင်စီကို ပေးပို့ကာ ဒုက္ခပေးနေလို့ စစ်ရေးပစ်မှတ် အဖြစ် သုတ်သင်ရှင်းလင်းခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

အဲ့ဒီရာအိမ်မှူးလင်မယားပစ်သတ်ခံရပြီးတဲ့နောက်ဒီကနေ့ မနက်ပိုင်းမှာတော့ စစ်ကောင်စီတပ်က အုတ်ဖိုမြို့အဝင် အထွက်တွေကို ပိုမိုတင်းကျပ်စစ်ဆေးတာတွေလုပ်ဆောင်နေတယ်လို့ဒေသခံတွေဆီကသိရပါတယ်။