ကိုကိုမောင်/ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၉ ရက်
အာဏာသိမ်းစစ်ကောင်စီတပ်တွေက စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသက တရုတ်စီမံကိန်း ဝမ်ပေါင်ကုမ္ပဏီ ဧရိယာအတွင်း အင်အား ၅ဝဝ ဖြင့် ဆက်လက်တပ်စွဲထားကြောင်း သိရပါတယ်။
လက်ပံတောင်းတောင်ဒေသမှာ ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီတပ်က အကျအဆုံး များလာပြီးနောက်ပိုင်း ကားလမ်းကလာရင် မိုင်းဆွဲတိုက်ခိုက်ခံရမှာ ကြောက်လို့ ရေကြောင်းကနေတဆင့် စစ်အင်အားဖြည့်တင်းတာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။
လက်ပံတောင်းတောင်ဒေသက ဝမ်ပေါင်ကုမ္ပဏီထဲမှာ စစ်ကောင်စီအင်အား ၅၀၀ ကျော်တပ်စွဲထားတဲ့ အပြင် ချင်းတွင်မြစ်ကြောင်းကနေ ရေကြောင်းနဲ့ စစ်အင်အားပို့ဆောင်တာတွေကို ဇူလိုင်လ လဆန်းပိုင်းက စတင်ပြု လုပ်လာတာလို့ ဒေသခံတွေက ပြောပါတယ်။
ဝမ်ပေါင်ဆိုက်ထဲမှာ အစက ရဲကော စစ်သားရော ပေါင်းနေတာ အင်အား ၅၀၀ ကျော်မယ် ကျေးရွာကို စစ်ကြောင်းထိုးတာတွေ မီးရှို့တာတွေကို ဝမ်ပေါင်ဆိုက်ထဲက ထွက်ပြီးလုပ်နေကြတာ ခုလည်း ရေကြောင်းက အင်အားထပ်ဖြည့်နေတယ်လို့ ဒေသခံတဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ချင်းတွင်းမြစ်ကြောင်းကနေတဆင့် ဇူလိုင်လ ၈ ရက်နေ့က စစ်ကောင်စီတပ်သား အင်အား ၅၀၀ လောက်ပါတဲ့ အရပ်သင်္ဘောတွေနဲ့ ဝင်လာတာကိုတွေ့ခဲ့တယ်လို့ ဆိုပါတယ်။
ခုလိုမျိုး စစ်ကောင်စီက လက်ပံတောင်းတောင်ဒေသကို အင်အားအလုံးအရင်းဖြည့်တင်းတာတွေပြုလုပ်နေတာ ဟာ တရုတ်ရဲ့အကျိုးစီးပွားရှိလို့ အောက်ခြေစစ်သားတွေကို ထိုးကျွေးပြီး တရုတ်စီးပွားကို အင်အား အများအပြားနဲ့ကာကွယ်ဖို့ ပြုလုပ်နေတာဖြစ်နိုင်တယ်လို့ ဒေသခံတွေအကြား ဝေဖန်ပြောဆိုမှုတွေလည်း ရှိနေပါတယ်။
လက်ပံတောင်းတောင်ဒေသက ဝမ်ပေါင်းကြေးနီစီမံကိန်းထဲကို စစ်ကောင်စီတပ်က ဇန်နဝါရီလထဲက လာရောက်တပ်စွဲကာ လုံခြုံရေး ယူပေးနေတာ ဖြစ်ပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့လည်း ရွာတွေဘက်ကို ပစ်ခတ်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့ပြင် ဝမ်ပေါင်ကုမ္ပဏီဆိုက်ထဲ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ကျေးရွာတွေကို စစ်ကြောင်းထိုး မီးရှို့ တာတွေအပြင် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ပါပစ်ခတ်ခဲ့လို့ လက်ပံတောင်းတောင် ဒေသရှိ ကျေးရွာ ၂၈ ရွာက ဒေသခံပြည်သူ ၂ သောင်းကျော်လောက်ဟာ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။