နွေဦးမောင် /ဧရာဝတီတိုင်းမ်
(မုံရွာ)/ဖေဖော်ဝါရီ ၂၇ရက်
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် မုံရွာ – ပုသိမ် ကားလမ်းပေါ်ရှိ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ရင်း (၂၈) ကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက တာဝေးပစ် လက်နက်ကြီးများဖြင့် ပစ်ခက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က အနီးအနားရှိ ကျေးရွာများကို အင်အားသုံးဝင်ရောက်စီးနင်းနေ၍ ဒေသခံများ ထွက်ပြေးနေရကြောင်း သိရသည်။
ယမန်နေ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့ညပိုင်းက စစ်ကောင်စီလက်အောက်ခံ ရဲတပ်ရင်း(၂၆)ကို တာဝေးပစ်ရှော့ တိုက်လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ရဲတပ်ရင်းဘက်မှ ထိခိုက်မှုများရှိ၍ ယနေ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ အနီးအနားရှိ ကျေးရွာများကို စစ်ကောင်စီတပ်များ ဝင်ရောက်စီးနင်းနေခြင်းဖြစ်ကြောင်း ယင်းမာပင်တော်လှန်ရေး တပ်ဖွဲ့တစ်ဦးထံက သိရသည်။
“မုံရွာဘက်က တက်လာတဲ့စစ်ကားတွေနဲ့ ဒီနေ့ မနက် ၆ နာရီလောက်မှာ စစ်တပ် (စစ်ကောင်စီတပ်)က ရွာတွေကို ဝင်စီးနေလို့ ထွက်ပြေးနေရတယ်။ စဝင်လာကတည်းက သေနတ် တွေနဲ့ ပစ်ခတ်ပြီးဝင်လာတာမို့ လက်ရှိ အချိန်မှာတော့ ဘေးလွတ်ရာတွေကို ထွက်ပြေးနေရတာပါ။ တောဝကျေးရွာကိုလည်း စစ်တပ်က မီးတင်ရှို နေတယ်” ဟု စစ်ကောင်စီတပ် စီးနင်းမှုကြောင့် ထွက်ပြေးတိမ်းရှောင် နေရသူ အသက် ၂၈ နှစ်အရွယ် အမျိုးသမီး တစ်ဦးက ဧရာ၀တီတိုင်းမ် ကိုပြောသည်။
စစ်ကောင်စီတပ်များက ယင်းမာပင်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်နေပြီး စစ်ကောင်စီလက်အောက်ခံ ရဲတပ်ရင်းတိုက်ခိုက် ခံရပြီးနောက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ ထွက်လာသည့် စစ်ကောင်စီတပ်ကပါ ကျေးရွာများကို ယခုကဲ့သို့ ဝင်ရောက်စီးနင်းမီးရှို့နေခြင်း ဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
#စစ်ကိုင်းတိုင်း #မုံရွာ-ပုသိမ်လမ်း #ရဲတပ်ရင်း၂၈ #လက်နက်ကြီး #စစ်ကောင်စီတပ် #ဝင်ရောက်စီးနင်း #ဒေသခံများထွက်ပြေး #Ayeyarwaddy_Times