ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၆ ရက်

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ရဲန်ခဲန်းကျေးရွာနှင့် အမ်မိလိုင်းကျေးရွာကြားတွင် ဇူလိုင်လ(၆)ရက်နေ့၊ နံနက်(၉)နာရီအချိန်ခန့်က CDF-Matupiနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်(၃)ဦးသေဆုံးကာ (၂)ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း CDF-Matupiမှ သတင်းထုတ်ပြန်သည်။

“မတူပီမြို့နယ်၊ လိုင်လင်းပီမြို့ဘက်ကနေ CDF-Matupiတပ်ရင်း(၂)ဘက်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တွေနဲ့ ဒီနေ့၊ နံနက်ပိုင်း(၉)နာရီကနေ (၁၀)နာရီအချိန်အထိ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်၊ စစ်ကကောင်စီဘက်က (၃)ဦးသေဆုံးပြီး (၂)ဦးဒဏ်ရာပြင်းထန်ရရှိခဲ့ပါတယ်၊ ကျနော်တို့ CDF-Matupiဘက်က အထိအခိုက်၊ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ပါတယ်”လို့ CDF-Matupiရဲဘော်တစ်ဦးက ဧရာဝတီတိုင်မ်းကို ပြောသည်။

စစ်ကောင်စီတပ်များသည် ရဲန်ခဲန်းကျေးရွာဘက်သို့ တပ်ဆုတ်ခွားသွားပြီး ပြည်သူ့နေအိမ်(၃)လုံးမီးရှို့ဖျက်ဆီးကာ လက်နက်ကြီးများရမ်းသမ်းပစ်ခတ်ခဲ့ကြောင်းသိရသည်။

မတူပီမြို့၊ အခြေစိုက်စစ်ကောင်စီတပ်မှ စစ်ကြောင်းတစ်ကြောင်းနှင့် လိုင်လင်းပီမြို့၊ မရာဘက်မှ စစ်ကြောင်းတစ်ကြောင်းတို့က CDF-Matupiတပ်ရင်း(၂)ထိန်းချုပ်နယ်မြေဘက်သို့ စစ်ကြောင်းထိုးခဲ့ပြီး ယနေ့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်။

အဆိုပါတိုက်ပွဲဖြစ်ပွားရာ အနီးတစ်ဝိုက်ရှိ ကျေးရွာနေပြည်သူလူထုများသည် လွတ်မြောက်ရာသို့ မိုးရွာထဲတွင် ခက်ခက်ခဲခဲတိမ်းရှောင်ခဲ့ကြကြောင်း ဒေသခံများထံမှ သိရသည်။