နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၇ ရက်

စစ်အာဏာသိမ်းမှုကို ခုခံတော်လှန်နေကြသည့် အင်အားစုများအကြား ညီညွတ်ရေး အခြေခံဖြင့် ဆက်လက်ပူးပေါင်းကာ နွေဦးတော်လှန်ရေး ရည်မှန်းချက်များ ဖော်ဆောင်သွားနိုင်ရန် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင် စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) နှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) ထံမှ သိရသည်။

လက်ရှိနိုင်ငံရေးအခင်းအကျင်း၊ ရှေ့နိုင်ငံရေးလုပ်ငန်းစဉ် လိုအပ်မှုများနှင့် ပတ်သက်၍ PNFC အပါအဝင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်/ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) တို့သည် ပြီးခဲ့သည့် ဇူလိုင် ၂၂ ရက်တွင် SCEF နှင့် အစည်းအဝေး ပြုလုပ်ပြီး ညှိနှိုင်းဆွေးနွေး တိုင်ပင်ခဲ့ကြောင်း SCEF က ထုတ်ပြန်ထားသည်။

“ဒီနေ့ တော်လှန်ရေးရဲ့ ပေးထားချက်ကတော့ မညီညွတ်ရင် မဖြစ်ဘူး၊ တော်လှန်ရေး အင်အားစုတွေ ညီညွတ်မှဖြစ်မယ်ဆိုတဲ့ အခြေခံပါ။ အဲဒီအခြေခံကနေ ကျွန်တော်တို့ ဆွေးနွေးကြတာ ဖြစ်ပါတယ်။ ဆက်ပြီးတော့ ကျွန်တော်တို့ အင်အားစုတွေ ပူးပေါင်းဆောင်ရွက်သွားဖို့ ဆွေးနွေးဖြစ်ပါတယ်” ဟု PNFC ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် နွေဦးတော်လှန်ရေးတွင် ပြည်သူလူထု၏ ဆုံးဖြတ်ချက်လည်းဖြစ်သည့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် အကောင်အထည်ဖော် နိုင်ရန် ပအိုဝ်းအဖွဲ့အစည်းများအပါအဝင် တော်လှန်ရေး အင်အားစုများအကြား ဆက်လက်ဆွေးနွေး၍ ညှိနှိုင်းပူးပေါင်းသွားမည်ဖြစ်ကြောင်း ခွန်မြင့်ထွန်းက အသိပေးထားသည်။

အဆိုပါ အစည်းအဝေးတွင် SCEF ၏ မဟာဗျူဟာနှင့် မူဝါဒရေးရာ ဦးဆောင်အဖွဲ့ဝင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလ၊ PNFC ဥက္ကဋ္ဌ ခွန်မြင့်ထွန်းတို့က အဖွင့်အမှာစကားများ ပြောကြားပြီး တက်ရောက်လာသော ခေါင်းဆောင်များအကြား ပွင့်လင်းရင်းနှီး စွာဖြင့် တိုင်ပင်ဆွေးနွေး၍ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခဲ့ကြောင်း သိရသည်။

ယင်းအပြင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)ဥက္ကဋ္ဌ ဗိုလ်ချုပ်ခွန်သူရိန်၊ SCEF ၏ မဟာ ဗျူဟာနှင့် မူဝါဒရေးရာ ဦးဆောင်အဖွဲ့ဝင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်တို့ကလည်း ဆွေးနွေးမှုအပြီး နိဂုံးချုပ်စကားများ ပြောကြား၍ အစည်းအဝေးကို အဆုံးသတ်ခဲ့ကြောင်း SCEF ထုတ်ပြန်ချက်အရ သိရသည်။

ခုခံတော်လှန်မှု အားကောင်းသော “K3C” မဟာမိတ်အဖွဲ့ဖြစ်သည့် ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသား တပ်ဦး (CNF) အပါအဝင် NUG၊ CRPH စသည်တို့ဖြင့် ဖွဲ့စည်းထားသော SCEF သည် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) တို့နှင့်လည်း တွေ့ဆုံ‌ဆွေးနွေးခဲ့သည်။

အလားတူ နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု (SRA)၊ စစ်ကိုင်းနှင့် မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော်၊ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP-AD)၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)၊ မွန်ပြည်အတိုင်ပင်ခံကောင်စီ (MSCC)၊ မွန်ပြည်နယ်လွှတ်တော် ကိုယ်စားပြုကော်မတီ (CRMH) စသည်တို့နှင့်ပါ ဆွေးနွေးထားကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ပြည်နယ်/ဖက်ဒရယ်ယူနစ်များအတွင်းရှိ ပြည်သူများက ပိုင်ဆိုင်သည်ဟူသော “မျှဝေသုံးစွဲ အချုပ်အခြာအာဏာမူ” အား ကိုင်စွဲထားသည့် SCEF အနေဖြင့် စတင်ဖွဲ့စည်းချိန်မှစတင်၍ တော်လှန်ရေး အင်အားစုများနှင့် စဉ်ဆက်မပြတ် ထိတွေ့ဆက်ဆံနေသလို နိုင်ငံတကာ အသိုင်း အဝိုင်း၏ ကူညီမှုများရရှိရန် ကြိုးပမ်းနေကြောင်း သိရသည်။

ဓာတ်ပုံ – PNFC