မင်းခ/ဧရာဝတီတိုင်းမ်
(ဧရာဝတီ)၊ ဩဂုတ်လ ၁၄ ရက်
ဧရာဝတီတိုင်းမှာ ငရုတ်သီးအခြောက်တောင့်တစ်ပိဿလျှင် ကျပ်နှစ်သောင်းဝန်းကျင်အထိ စံချိန်တက်မြင့်တက်နေကြောင်း ပုသိမ်မြို့ခံအချို့ထံမှ သိရပါတယ်။
စိုက်ပျိုးရေးသွင်းအားစုများ ၄ ဆကျော် စျေးတက်နေတာကြောင့် ငရုတ်စိုက်တောင်သူအများစု စိုက်ပျိုးဧကလျော့ချစိုက်ပျိုးတာကြောင့် ငရုတ်အထွက်နှုန်းနည်းပြီး ငရုတ်သီးအခြောက်တောင့် တပိဿလျှင် ကျပ် ၁၈၀၀၀ – ၁၉၀၀၀ အထိစျေးပေါက်နေတယ်လို့ မအူပင်မြို့ခံ ငရုတ်သီးရောင်းချသူအချို့က ဆိုပါတယ်။
” ငရုတ်တစ်ပိဿ တစ်သောင်းရှစ်ထောင်၊သောင်းကိုးထောင် ၂ သောင်းနီးပါးအထိပေးဝယ်နေရတယ်။ အရင်ကဆို နှစ်ထောင်၊သုံးထောင်ဝန်းကျင်ပဲ။ ငရုတ်အထွက်ကနည်းတော့ ပွဲရုံတွေမှာလှောင်ထားတဲ့ ငရုတ်ကို သူတို့စျေးခေါ်ပြီးကြိုက်သလိုရောင်းနေတာ” လို့ ပုသိမ်မြို့ခံ ငရုတ်သီးအခြောက်တောင့်ရောင်းချသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
စစ်အာဏာမသိမ်းမှီက ငရုတ်အခြောက်တောင့်တစ်ပိဿလျှင် ကျပ် ၂၀၀၀ – ၃၀၀၀ သာပေါက်စျေးရှိခဲ့သော်လည်း စစ်အာဏာသိမ်းပြီးနောက် ယခုနှစ်မတ်လအတွင်းကစတင်ကာ တစ်ပိဿလျှင် ကျပ် ၈၀၀၀ဝန်းကျင်အထိ စျေးတက်ခဲ့ပြီး လက်ရှိတွင် ကျပ် နှစ်သောင်းဝန်းကျင်အထိ စျေးတက်နေတာဖြစ်ပါတယ်။
အလားတူ အခြေခံစားသောက်ကုန်များဖြစ်ကြသည့် ဆန်၊ဆီ၊ကြက်သွန်နှင့် ငရုတ်စျေးနှုန်းများ စစ်အာဏာမသိမ်းခင်ကထက် အဆမတန် မြင့်တက်လာတာကြောင့် လက်လုပ်လက်စား အခြေခံလူတန်းစားများ စားဝတ်နေရေးကြပ်တည်းလာတယ်လို့ ပုသိမ်၊ ဟင်္သာတ၊ မအူပင် မြို့ခံအချို့ရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။