မြရာ/ဧရာ၀တီတိုင်းမ်
ဧပြီ ၁၂ ရက်
ကရင်ပြည်နယ်၊ မြ၀တီမြို့စောင့်တပ် ခလရ ၂၇၅ တပ်ရင်းမှ စစ်ကောင်စီ တပ်သားများ ရှိသည့် အမှတ်(၂) ချစ်ကြည်ရေးတံတားအနီးကို ဒရုန်းဖြင့်ဗုံးကြဲချခံရကြောင်း သိရသည်။
ခလရ ၂၇၅ တပ်ရင်းမှ စစ်ကောင်စီတပ်သားများရှိနေသည့် အမှတ် (၂) ချစ်ကြည်ရေး တံတားအနီးကို ယနေ့ ဧပြီ ၁၂ ရက်နေ့ ညနေ ၆ နာရီကျော်ခန့်က ဒရုန်းဖြင့်ဗုံးကြဲချခံရပြီး စစ်ကောင်စီဘက်ကလည်း ခလရ ၂၇၅ တပ်ရင်းအတွင်းသို့ တိုက်လေယာဉ်ဖြင့် ဗုံးများကြဲချသွားကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။
“ခလရ ၂၇၅ တပ်ထဲကို စစ်ကောင်စီက အရင်ဗုံးလာ ကြဲတာ။ ညနေ ၆ နာရီလောက်မှ တံတားနားကို ဗုံးကြဲခံရတာ။ အထိအခိုက်တော့ မသိသေးဘူး။ ပုံစံကြည့် ရတာဆော့ ၂၇၅ တပ်ဖွဲ့တွေက စစ်ကူစောင့်နေပုံရတယ်။ စစ်ကူစစ်ကြောင်းတွေလည်း လမ်းမှာကြား ဖြတ်တိုက်ခိုက်ခံရလို့ အခုထိတော့ရောက်မလာသေးဘူး။ ထိုင်းဘက်ကလည်း ၀င်ခွင့် မပေးဘဲ တပ်အင်အားအပြည့်နဲ့ ကမ်းပေါ်ကနေ စောင့်ကြည့်နေတယ်” ဟု ကရင်စစ်ရေး သတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ခလရ ၂၇၅ မှ စခန်းစွန့်ခွာထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀၀ ကျော်သည် ထိုင်းနိုင်ငံသို့၀င်ရောက်ရန် ယနေ့နံနက်ပိုင်းအထိ တောင်းဆိုမှုများရှိခဲ့ သော်လည်း ထိုင်းနိုင်ငံသို့ ၀င်ခွင့်မရဘဲ ထိုင်း- မြန်မာနယ်စပ် အမှတ် (၂) တံတားတွင် ပိတ်မိနေဆဲဖြစ်သည်။
KNLA ဦးဆောင်သည့် ပူးပေါင်းတပ်များသည် မြို့စောင့်တပ် ခလရ ၂၇၅ ကို ၀င်ရောက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ စစ်ကူများကြားဖြတ် တိုက်ခိုက် ခံရသည့် သတင်းများထွက်ပေါ်ပြီးနောက် ခလရ ၂၇၅ မှ စစ် ကောင်စီအင်အား ၂၀၀ ကျော်သည် စခန်းစွန့်ခွာထွက် ပြေးသွားကြခြင်းဖြစ်သည်။
ဓာတ်ပုံ-The Reporter
ပုံစာ-အမှတ်(၂) ချစ်ကြည်ရေးတံတားအနီးရှိ ခလရ ၂၇၅ တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ
#ကရင် #မြ၀တီ #ခလရ၂၇၅ #အမှတ်၂တံတား #စစ်ကောင်စီတပ်သားများ #ဒရုန်းဗုံးကြဲခံရ #Ayeyarwaddy_Times