အယိုက်လင်း၊ ဧရာဝတီတိုင်းမ်
မတ် ၈ ရက်

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ လမ်ဇန်ကျေးရွာတွင် စစ်ဘေးရှောင်ရန် လိုက်ပါစီးနင်းလာသည့် အရပ်သားကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မူဖြစ်ပွားပြီး နှစ်ဦး သေဆုံးကာ ကလေးအပါဝင် ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင့် ဒေသခံများထံက သိရသည်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် ဖြစ်ပွားသည့် တိုက်ပွဲကြောင့် စွတ်အိပ်ကျေးရွာမှ အရပ်သား ၁၉ ဦးသည် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ဘက်သို့စစ်ဘေးရှောင်ရန် ထွက်ပြေးလာသည့် ကားတစ်စီးသည် မတ်လ ၆ ရက်၊ နေ့လည် ၁ နာရီခန့်တွင် တီးတိန်မြို့နယ်၊ လမ်ဇန်ကျေးရွာအနီးတွင် ကားအရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“ကလေးမြို့နယ်ကနေ မီဇိုရမ်ဘက်ကို စစ်ဘေးရှောင်ဖို့ ထွက်ပြေးလာကြတာဖြစ်တယ်။ စုစုပေါင်း ကလေးအပါဝင် ၁၉ ယောက် ကားတစ်စီးနဲ့ ထွက်လာကြတာ။ အဲ့ဒီကားက တီးတိန်မြို့နယ်ထဲက လမ်ဇန်ရွာ ဘုရားကျောင်းအနားမှာ တိမ်းမှောက်မှုဖြစ်သွားတာပါ။ လင်မယားနှစ်ယောက်က ပွဲချင်းပြီး ဆုံးသွားတယ်။ ၁၇ ယောက်လောက်လည်း ထိခိုက်ဒဏ်ရာရပြီး တချို့က ဦးခေါင်းမှာ ပြင်းထန်ဒဏ်ရာရကြတယ်”ဟု ကလေးမြို့နယ် ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကားမတော်တဆမူကြောင့် သေဆုံးသွားသည့် အရပ်သား နှစ်ဦးသည် အသက် ၄၉ နှစ်အရွယ် ဦးလားမားထလွဲအာ(Pu Lalhmahruaia)နှင့် အသက် ၄၈ နှစ်အရွယ် ဒေါ်လားနွန်ပါးရီး( Pi Lalnunpari)တို့ ဖြစ်ပြီး ၎င်းတို့၏ ရုပ်အလောင်းများကို ဇာတိရွာဖြစ်သည့် ကလေးမြို့နယ်၊ စွတ်အိပ်ကျေးရွာတွင် ယနေ့ မတ်လ ၇ ရက်၊ မနက်က သဂြိုလ်ခဲ့သည်။

ထိခိုက်ဒဏ်ရာရသည့် အရပ်သား ၁၇ ဦးထဲတွင် ဦးခေါင်းတွင် ပြင်းထန်ဒဏ်ရာရရှိသည့် ကလေးငယ် ငါးဦးသည် သတိလစ်မေ့မျောနေပြီး အသက်အန္တရာယ် စိုးရိမ်နေရကာ ၎င်းတို့ကို တီးတိန်မြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြကြောင်း သိရှိသည်။

#ချင်းပြည် #တီးတိန်မြို့ #အရပ်သားကားတိမ်းမှောက် #အရပ် ၂ ဦးသေဆုံး #Ayeyarwaddy_Times