ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီ ၂၅ ရက်

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ကျောက်တန်းရွာတွင် စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့၀င်များ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက လက်နက် ကြီးများဖြင့် ပစ်ခတ်နေကြောင်း သိရသည်။

ကောလင်းမြို့နယ်၊ ကျောက်တန်းရွာအနီးရှိ သစ်ဖုလှစစ်ကောင် စီစခန်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့များက ၀င်ရောက်တိုက်ခိုက်ရာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး စစ်ကောင်စီမှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည့်အပြင် လေကြောင်းမှပါ ပစ်ကူပေးနေကြောင်း သိရသည်။

တောလှန်ရေးတပ်ဖွဲ့များသည် ကောလင်းခရိုင်အတွင်း ရွှေစွန်ညိုစစ်ဆင်ရေးကို ဆင်နွှဲနေပြီး ရလဒ်ကောင်းများရရှိလျက်ရှိကာ စစ်ကောင်စီတပ်၏ ဗျူဟာမှနေ၍ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်နေကြောင်း Kawlin Info တွင် ဖော်ပြထားသည်။

ကျောက်တန်းရွာအတွင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားနေသည့် အတွက် မန္တလေး-ရွှေဘို-မြစ်ကြီးနားလမ်းမကြီးပေါ်ရှိ အင်းတော်-ကျောက်တန်းလမ်းပိုင်းကို တော်လှန်ရေး တပ်ဖွဲ့များကပိတ်ဆို့ထားကြောင်း သိရသည်။

ထို့အပြင် ထီးချိုင့်မြို့တွင် တိုက်ပွဲဖြစ်ပွားနေသည့် အတွက် မန္တလေး-ထီးချိုင့်လမ်းကိုလည်း အသုံးပြု၍ မရဖြစ်နေကြောင်း ဒေသတော်လှန်ရေးတပ်ဖွဲ့ထံက သိရသည်။

လက်ရှိတွင် ကောလင်းမြို့ပေါ်ရှိ ရပ်ကွက်ပေါင်း ရှစ်ခုလုံး စစ်ကောင်စီက ထိန်းချုပ်၍ အိမ်ခြေ ၈၀ ရာခိုင်နှုန်းခန့်ကို ပြာကျအောင် မီးရှို့ ဖျက်ဆီးထားပြီး မြို့အနီးရှိ ကျွန်းလှခုံ၊ ခွင့်တောင်း၊ လက်ပံကွေ့၊ ကျူတော၊ ရွာမ၊ ဆံတော်ရာကုန်း၊ ဆေး မင်းခုံ၊ ဆိုင်ဒူး၊ ဝါးရုံခုံ၊ ဇီးခုံစသည့်ရွာများကိုလည်း အလုံးစုံပျက်စီးအောင် မီးရှို့ဖျက်ဆီးထားကြောင်း စစ်ရှောင်ဒေသခံအချို့ထံက သိရသည်။

စစ်ကောင်စီ၏ ဖျက်ဆီးမှုများကြောင့် အဆိုပါရွာများအပြင် ရွာပေါင်း ၂၅ ရွာခန့်မှ ဒေသခံပြည်သူ သုံးသောင်း(၃၀,၀၀၀)နီးပါး စစ်ဘေးရှောင်နေရကြောင်း သိရသည်။

စစ်ကောင်စီသည် တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် ကောလင်းမြို့ကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၃ ရက်နေ့က အင်အားတစ်ထောင်နီးပါးဖြင့် စစ်ကြောင်း ထိုး၀င်ရောက်ခဲ့ပြီး ဖေဖော်ဝါရီ ၉ ရက်နေ့တွင် မြို့ အတွင်းသို့၀င်ရောက်ကာ နေအိမ်များအတွင်းမှ အဖိုး တန်ပစ္စည်းများကို ခိုးယူသယ်ထုတ်၍ နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက်နေ့မှစ၍ ယနေ့အထိ မြို့ပေါ် ၈ ရပ်ကွက်လုံးနှင့် အနီးနားကျေးရွာများကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးပြီးနောက် ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင် စစ်ကောင်စီ၏ ကျောက်တန်းရွာရှိ အထိုင်ခန်းကို တော်လှန် ရေးတပ်များက ၀င်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပုံစာ-လက်ရှိမြင်တွေ့နေရသည့် ကောလင်းမြို့ မြင်ကွင်းအခြေအနေ

#စစ်ကိုင်း #ကောလင်း #ကျောက်တန်းရွာ #စစ်ကောင်စီ #တော်လှန်ရေးတပ်ဖွဲ့များ #ရွှေစွန်ညိုစစ်ဆင်ရေး #တိုက်ပွဲပြင်းထန် #လေကြောင်းတိုက်ခိုက် #လက်နက်ကြီးပစ်ခတ် #Ayeyarwaddy_Times