နွေဦးမောင် /ဧရာဝတီတိုင်းမ်
(မုံရွာ) /ဧပြီလ ၁၅ရက်

စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်း မုံရွာမြို့တစ်ဖက်ကမ်းရှိ ညောင်ပင်ကြီးကျေးရွာကို ယနေ့ ဧပြီ ၁၅ ရက်နေ့ (သင်္ကြန်​အကြတ်နေ့) နံနက် ၆ နာရီခန့်တွင် ဝင်ရောက်မီးရှို့ ဖျက်ဆီး၍ ဒေသခံ နှစ်ဦးကို သေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်များ ဝင်ရောက်လာခြင်းကြောင့်ဒေသခံပြည်သူ ၁,၀၀၀ ကျော်မှာ ညသန်းခေါင်ကျော်အချိန်၌ပင် ဘေးလွတ်ရာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

“မနေ့က သင်္ကြန် အကျနေ့ ညသန်းခေါင်ကျော်လောက်က မုံရွာမြစ်ကိုစက်လှေနဲ့ ကူးလာတဲ့ စစ်ကြောင်းက ညောင်ပင်ကြီးရဲစခန်းထဲမှာ တပ်စွဲထားတယ်။ ဒီမနက် ၆ နာရီကျော်လောက်မှာ ညောင်ပင်ကြီးရွာက နေအိမ်တွေကို မီးတင်ရှို့နေတာ။ ဒေသခံ နှစ်ယောက်ကိုလည်း သေနတ်နဲ့ပစ်သတ်ထားတယ်။ အလောင်းတောင် ကောက်လို့မရ သေးဘူး” ဟု အသက် ၃၀ အရွယ် ဒေသခံ အမျိုးသား တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်သည် သင်္ကြန်အတွင်း မုံရွာမြို့ တစ်ဖက်ကမ်းရှိ လက်ပံတောင်း တောင်ဒေသတွင် တပ်အင်အား အများအပြား တိုးချထားပြီး မုံရွာမြစ်ကို စက်လှေများဖြင့် ဖြတ်ကူး၍ ကျေးရွာများအတွင်း ဝင်ရောက်လာခြင်းဖြစ်သည်။

#မုံရွာမြို့ #ညောင်ပင်ကြီးရွာ #စစ်ကောင်စီတပ် #သင်္ကြန်အကြတ်နေ့ #မီးတင်ရှို့ #ဒေသခံ၂ဦး #ပစ်သတ် #Ayeyarwaddy_Times