
ကိုကိုမောင်/ဧရာဝတီတိုင်းမ်
မအူပင်၊ ဇူလိူင်လ ၇ ရက်
ညစဥ် စစ်ကောင်စီတပ်များက လှည့်ကင်းများပတ်နေသည့် ဧရာဝတီတိုင်း၊ မအူပင်မြို့၊ အမှတ် (၇)ရပ်ကွက်၊ ခိုင်နှင်းဆီလမ်းနေ ရဲဒုတပ်ကြပ် နောင်နောင်ထွန်းအိမ်အား ယမန်နေ့ညပိုင်းက အမည်မသိလူတစ်စုက ဓားပြတိုက်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
” မနေ့ညကဖြစ်တာ ရဲတပ်ဖွဲ့ဝင်နောင်နောင်ထွန်း အမျိုးသမီးက အမှတ် (၇)ရပ်ကွက်ရှိ ဗန်ဒါပင်ဈေးမှာ ဈေးရောင်းနေတာ။ ညဘက်မှာ ရဲကားတွေရော ရပ်ကွက်ထဲတွေက ဒလန်တွေရော လမ်းပေါ်မှာရုန်းစု ရုန်းစုဖြစ်နေတာလေ။ တစ်ခုခု တော့ဖြစ်မယ်ထင်ပြီဆိုပြီး စုံစမ်းနေတာ မနက်ကြမှ အဲဒီ ရဲဒုတပ်ကြပ် နောင်နောင်ထွန်းရဲအိမ် ဓားပြတိုက်ခံရတာသိရတယ်” လို့ မအူပင်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ဓားပြတိုက်ခံရမှုအတွင်း ရွှေထည်ပစ္စည်းများအပါအဝင် ကျပ်သိန်း ၅၀ နီးပါးတန်ဖိုးရှိ ပစ္စည်းတွေ ပါသွားတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။
” မျက်နှာဖုံးစွပ်တွေနဲ့ သေနတ်တွေနဲ့လို့ သိရတယ်ဗျ။ သေနတ်ကိုင်နိုင်တာဆိုလို့ စစ်တပ်ပဲရှိတာလေ။ ဒလန်တွေနဲ့ သွေးသောက်တချို့လည်း လက်နက်ကိုင်နိုင်ကြတာလေ။ မျက်နှာဖုံးတွေနဲ့ဆိုတော့ ဘယ်သူဘယ်ဝါမသိရဘူး ” လို့ မအူပင်မြို့နယ်ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ရဲဒုတပ်ကြပ် နောင်နောင်ထွန်းမှာ မအူပင်ခရိုင်ရဲတပ်ဖွဲ့ရုံးတွင် တာဝန်ထမ်းဆောင်နေသူဖြစ်တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူအချို့ထံမှ သိရပါတယ်။