တိုက်ပွဲများဖြစ်ပွားနေသည့် ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ တပ်သားများအတွက် လေ‌ကြောင်းဖြင့် ရိက္ခာပို့ပေး

တိုက်ပွဲများဖြစ်ပွားနေသည့် ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ တပ်သားများအတွက် လေ‌ကြောင်းဖြင့် ရိက္ခာပို့ပေး

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၂၃ ရက်

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်း စက်တင်ဘာ ၂၁ ရက်‌ နေ့လည် ၁ နာရီဝန်းကျင်တွင် စစ်ကောင်စီမှ တပ်သားများအတွက် လေယာဉ်ရိက္ခာများလာ‌ရောက်ချပေးသည့်အပြင် ပစ်ခတ်မှုများလည်း ပြုလုပ်ခဲ့ကြောင်း KNU က သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ တောင်ငူလေတပ် စခန်းမှ Mi-17 Military Transport Helicopter ၁ စင်းနှင့် Mi-35 Attack Helicopter ၁ စင်းသည် ကေအဲန်ယူ-ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်သားများထံသို့ ရိက္ခာထုပ် ၉ ထုပ်လာရောက်ပစ်ချပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

စက်တင်ဘာ ၂၀ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်မှ ကျောက်ကြီးမြို့နယ်အတွင်းသို့ လေယာဉ်၂ စင်းဖြင့် လာရောက်ထောက်လှမ်းခဲ့ပြီး နေ့လည် ၁ နာရီခွဲ၌ ဃိုးလူကျေးရွာအတွင်းသို့ လေယာဉ်ဖြင့် (၃) ကြိမ် လာရောက်ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

စစ်ကောင်စီတပ်သည် စက်တင်ဘာ ၇ ရက်တွင် တအင်အား ၂၀၀ ကျော်ဖြင့် ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်းသို့ စတင်ထိုးစစ်ဆင် ဝင်ရောက်ခဲ့ပြီးစက်တင်ဘာ ၁၄ ရက်တွင် ဘောကထာစခန်း၌ တပ်သားအင်အား ၁၅၀ ဝန်းကျင်ကို ကား ၉ စီးဖြင့် ထပ်ဖြည့်လာပြီး လေယာဉ်ဖြင့် ၄ ကြိမ် လာရောက်ပစ်ခတ်ခဲ့‌ကြောင်း

ရေးသားဖော်ပြထားပါသည်။

အလားတူ စက်တင်ဘာ ၁၇ ရက်တွင် စစ်ကောင်စီတပ်သား ၅၀ ကျော် အင်အားထပ်ဖြည့်ခဲ့ပြီး စတင်ထိုးစစ်ဆင်သည့် စက်တင်ဘာ ၇ ရက်မှစ၍ ယခုအချိန်အထိ စစ်ကောင်စီတပ်များနှင့်ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့ကြား တိုက်ပွဲများနေ့စဉ်ပြင်းထန်စွာဖြစ်ပွားလျက်ရှိကြောင်း

ကေအဲန်ယူမှထုတ်ပြန်ထားပါသည်။

#Ayeyarwddy_Times