
ကျောင်းကုန်းမြို့တွင် ဆိုင်ကယ်ဦးထုပ်မဆောင်းသူများကို စစ်ကောင်စီက သူခိုးဖမ်းသလို ဈေးထဲအထိ လိုက်လံဖမ်းဆီး
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၃ ရက်
ဧရာဝတီတိုင်းရှိ မြို့အနှံ့အပြားတွင် အာဏာသိမ်းစစ်ကောင်စီက ယာဉ်စည်ကမ်း လမ်းစည်းကမ်းကြပ်မတ်ရေး ခေါင်းစဉ်ဖြင့် ဆိုင်ကယ်နှင့် ကားများအား အပြစ်ရှာဖမ်းဆီးမှုများ လုပ်ဆောင်နေကြောင်း ဧရာဝတီတိုင်းရှိ ဒေသခံများထံမှ သိရသည်။
ထိုသို့ဖမ်းဆီးရာ ကျောင်းကုန်းမြို့၌ ဆိုင်ကယ်ဦးထုပ်မဆောင်းသူများကို ဈေးများထဲအထိ တရားခံဖမ်းသလို လိုက်လံဖမ်းဆီး၍ ရဲစခန်းသို့ခေါ်ဆောင်ကာ ဒဏ်ငွေ ၃ သောင်း တောင်းယူမှုများလုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။
“ကျွန်မတို့မြို့ကလူတွေက ဟိုနားဒီနား ဈေးဝယ်တာ၊ ဈေးနဲ့နီးလို့ ဦးထုပ်မဆောင်းဘဲ မောင်းလာတဲ့သူတွေကို မှတ်ထားပြီး ဈေးထဲက ချောင်ကြိုချောင်ကြားအထိ လိုက်ဖမ်းတာ။ ဒီမနက်ကိဆို လူတယောက်ကို ဈေးထဲအထိ ဝင်ဖမ်းပြီး လက်မောင်းကနေဆွဲခေါ်သွားတယ်။ ရဲစခန်းခေါ်သွားပြီး ဟိုရောက်တော့ ဒဏ်ငွေ ၃ သောင်း ဆောင်ခိုင်းပြီးမှ ပြန်လွှတ်ပေးလိုက်တယ်။
ဆိုင်ကယ်ဦးထုပ်မဆောင်းတာကို ဖမ်းတာက သူခိုးလိုက်ဖမ်းသလိုကို လုပ်နေတာ”ဟု ကျောင်းကုန်းမြို့ခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီလက်အောက်ခံ ထွေအုပ်ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲများက ဒေသခံပြည်သူများ၏ ဆိုင်ကယ်၊ ကားများအား ယာဉ်စည်ကမ်း လမ်းစည်းကမ်းကြပ်မတ်ရေး ခေါင်းစဉ်ဖြင့် တားဆီးစစ်ဆေးကာ ငွေကြေးတောင်းခံနေခြင်းဖြစ်ကြောင်း သိရသည်။
ယခင်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းခေါင်းစဉ်ဖြင့် စစ်ဆေးဒဏ်ရိုက်မှုကို မြို့ပေါ်တွင်သာ ပြုလုပ်သော်လည်း ယခု စက်တင်ဘာလအတွင်း၌ စစ်ကောင်စီလက်အောက်ရှိ ဝန်ထမ်းများက ကျေးလက် တောရွာများအထိပါဆင်း၍ ဖမ်းဆီးမှုများ လုပ်ဆောင်နေကြောင်း ဒေသခံများထံက သိရသည်။
“အရင်တုန်းက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအကြောင်းပြ ဂွင်ဖမ်း၊ ငွေတောင်းလုပ်တာက မြို့ပေါ်မှာပဲ လုပ်တာ။ အခုက ပုသိမ်မှာဆို မြို့ထဲတင်မဟုတ်ဘဲ ရှောပြာဆိုတဲ့ ရွာတွေဘက်ကိုပါ ဆင်းပြီးလုပ်နေတာ။ သူတို့ကို တစ်လကို ငွေဘယ်လောက်ရှာရမယ်ဆိုပြီး သူတို့အဘ မင်းအောင်လှိုင်က လုပ်ခိုင်းထားလား မသိပါဘူး။ သည်းကြီးမည်းကြီးကို ပြည်သူကို
ဒဏ်ရိုက်ငွေညှစ်တာတွေ လုပ်နေတာ”ဟု ပုသိမ်မြို့ခံ အမျိုးသား တစ်ဦးက ပြောသည်။
ဧရာဝတီတိုင်းအတွင်းက မြို့နယ်အများစုတွင် စစ်ကောင်စီက ယာဉ်စည်းကမ်းနှင့် မညီညွတ်သည့် ကားများ၊ ဆိုင်ကယ်များအား စစ်ဆေးဖမ်းဆီးကာ ဒဏ်ငွေကျပ် ၂၀၀၀၀ မှ ကျပ် ၁သိန်း ဝန်းကျင်အထိ ဒဏ်ရိုက်ကာ ငွေကြေးတောင်းခံနေခြင်းဖြစ်ကြောင်း သိရသည်။
ပုသိမ်မြို့နယ် စစ်ကောင်စီအနေနဲ့ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ယာဉ်စည်းကမ်း လမ်းစည်းကမ်းများ လိုက်နာဆောင်ရွက်မှုရှိစေရန် ရည်ရွယ်ပြီး အသိပေးကြေငြာခြင်းများ စက်တင်ဘာလ (၁၉)ရက်နေ့ညနေပိုင်းတွင် လိုက်လံအသိပေးကြေငြာထားကြောင်း သတင်းထုတ်ပြန်ထားသည်။
အဆိုပါ သတင်းထုတ်ပြန်ချက်အရ ယာဉ်မောင်းလိုင်စင်/ယာဉ်လိုင်စင်ပါရှိရေး၊ ဆိုင်ကယ်စီးလျှင် ဆိုင်ကယ်စီးဦးထုပ်ဆောင်းစေရေး၊ ဆိုင်ကယ်တွင်နောက်ကြည့်မှန်တပ်ဆင်ထားရှိရေး၊ နံပါတ်ပြား တပ်ဆင်ထားရှိရေး၊ ပါဝါအိတ်ဇောများမတပ်ဆင်ရေး၊ ဆိုင်ကယ်စီးလျှင် (၂)ဦးထက်ပို၍ မစီးစေရေး၊ အရက်သေစာသောက်စား၍ မောင်းနှင်ခြင်းမပြုစေရေးတို့ကို
စက်တင်ဘာလ ၂၀ ရက်နေ့က စတင်ကာ စစ်ဆေးဖမ်းဆီးနေပြီဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။
ဓာတ်ပုံ – ပုသိမ်မြို့နယ် စစ်ကောင်စီ
#ဧရာဝတီ #ယာဉ်စည်ကမ်း #လမ်းစည်းကမ်း #ဆိုင်ကယ် #ကာ #စစ်ကောင်စီ #ပိုက်ဆံရှာ
#Ayeyarwaddy_Times