အာဏာသိမ်းစစ်တပ်ရဲ့ ရာဇဝတ်မှုတွေကို ဖော်ထုတ်နေတဲ့ IIMM အတွက် အမေရိကန်က ဒေါ်လာ ၁ သန်း ကူညီပေးအပ်

အာဏာသိမ်းစစ်တပ်ရဲ့ ရာဇဝတ်မှုတွေကို ဖော်ထုတ်နေတဲ့ IIMM အတွက် အမေရိကန်က ဒေါ်လာ ၁ သန်း ကူညီပေးအပ်

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၂၃ ရက်

မြန်မာစစ်တပ် ကျူးလွန်သည့် ရာဇဝတ်မှုများအား စုံစမ်းစစ်ဆေးနေသည့် (IIMM) အတွက် အမေရိကန်က ဒေါ်လာ ၁ သန်း ကူညီပေးအပ်လိုက်တယ်လို့ ရန်ကုန်ရှိ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက သတင်းထုတ်ပြန်ပါတယ်။

IIMM ရဲ့ အားထုတ်ကြိုးပမ်းမှုအပေါ်ပံ့ပိုးကူညီတဲ့အနေနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနလက်အောက်ရှိ နိုင်ငံတကာမူးယစ်ဆေးဝါး နှိမ်နှင်းရေးနဲ့ ဥပဒေစိုးမိုးရေးဗျူရိုမှတဆင့် အခုလို အကူအညီအသစ်တွေ ထပ်မံပေးအပ်လိုက်တာလို့ စက်တင်ဘာ ၂၀ ရက်နေ့စွဲနဲ့ ထုတ်ပြန်အသိပေးထားတာဖြစ်ပါတယ်။

မြန်မာစစ်တပ်နှိပ်စက်တာကိုခံစားနေကြရတဲ့ ထိခိုက်နစ်နာသူတွေနဲ့ သက်သေထွက်ဆိုသူတွေကို ပံ့ပိုးနိုင်ဖို့ ထောက်ပံ့ကူညီပေးတာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ရာဇဝတ်မှုတွေကြောင့် ထိခိုက်နစ်နာသူတွေနဲ့ သက်သေတွေကို အကာအကွယ်ပေးဖို့ အပူတပြင်း လိုအပ်နေတာဖြစ်ပြီး မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ကြမ်းကြုတ်ရက်စက်မှုတွေကို တွေ့ကြုံခံစားခဲ့ကြရသူတွေနဲ့ သက်သေတွေက ထုတ်ဖော်ပြောဆိုတဲ့ ယုံကြည်လက်ခံနိုင်တဲ့ သတင်းအချက်အလက်တွေဟာ စစ်အာဏာရှင်အဖွဲ့အစည်းအတွက်

ခြိမ်းခြောက်မှုတခု ဖြစ်စေတယ်လို့ ဆိုပါတယ်။

ဒီပံ့ပိုးကူညီမှုဟာ ၂၀၁၁ ခုနှစ်ကစပြီး မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အကြီးလေးဆုံး နိုင်ငံတကာရာဇဝတ်မှုတွေရဲ့ သက်သေအထောက်အထားတွေကို စုံစမ်းစစ်ဆေးဖို့၊ စုဆောင်းဖို့၊ ထိန်းသိမ်းဖို့နဲ့ စီစစ်သုံးသပ်ဖို့ ဆောင်ရွက်ရာမှာ ယန္တရားရဲ့ လုပ်ပိုင်ခွင့်အာဏာအရ အကျုံးဝင်တဲ့ ရာဇဝတ်မှုတွေနဲ့ စပ်လျဉ်းပြီး အရေးပါတဲ့ ယုံကြည်လက်ခံနိုင်တဲ့ အချက်အလက်တွေ

ရယူနိုင်တဲ့ အခွင့်အလမ်းပိုမိုကောင်းမွန်စေသလို ထိခိုက်နစ်နာသူတွေနဲ့ သက်သေတွေအပေါ် အကာအကွယ်ပေးနိုင်ဖို့ IIMM ရဲ့ အားထုတ်ကြိုးပမ်းမှုတွေကို ပိုမိုအထောက်အကူပြုပါလိမ့်မယ်လို့ အမေရိကန်က မျှော်လင့်ထားပါတယ်။

မြန်မာနိုင်ငံတစ်ဝန်းက ထိခိုက်နစ်နာခဲ့သူတွေအတွက် တရားမျှတမှုရှိစေရေးနဲ့ ကြမ်းကြုတ်ရက်စက်မှုတွေနဲ့ တခြားလူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တာဝန်ရှိသူတွေကို တာဝန်ယူမှု တာဝန်ခံမှုရှိစေရေး ကြိုးပမ်းဆောင်ရွက်ဖို့ အမေရိကန်ပြည်ထောင်စုက သံန္နိဋ္ဌာန် အခိုင်အမာချမှတ်ထားတည်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

#အာဏာသိမ်းစစ်တပ် #ရာဇဝတ်မှု #IIMM #အမေရိကန် #ကူညီပေးအပ်

#Ayeyarwaddy_Times