စစ်ကောင်စီမှ အွန်လိုင်းငွေကြေးအကောင့်များ ပိတ်သိမ်း၍ သိမ်းပိုက်ရယူခဲ့သောငွေကြေးပမာဏ ကျပ်သိန်း ၂ သောင်းကျော်ရှိဟုဆို

စစ်ကောင်စီမှ အွန်လိုင်းငွေကြေးအကောင့်များ ပိတ်သိမ်း၍ သိမ်းပိုက်ရယူခဲ့သောငွေကြေးပမာဏ ကျပ်သိန်း ၂ သောင်းကျော်ရှိဟုဆို

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၂၃ ရက်

အာဏာသိမ်းစစ်ကောင်စီမှ KPay နှင့် Wave Money အစရှိသော မိုဘိုင်းငွေပေးချေမှုစနစ် (အွန်လိုင်းငွေကြေး အကောင့်)များကို စည်းကမ်းချက်နှင့် မကိုက်ညီဟုဆိုကာ စက်တင်ဘာလ ၂၀ ရက်နေ့မှစတင်၍ အကောင့်များပိတ်သိမ်းကာ ယင်းအကောင့်ထဲရှိငွေကြေးများအား သိမ်းပိုက်ရယူခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီမှပိတ်သိမ်းခဲ့သည့် အွန်လိုင်းငွေကြေးအကောင့်ပေါင်း ၈ ထောင်ကျော်ရှိပြီး စစ်ကောင်စီမှ သိမ်းပိုက်ရယူခဲ့သည့်ငွေပမာဏ ကျပ်သိန်း ၂ သောင်းကျော် ရှိခဲ့ကြောင်း စစ်ကောင်စီလက်အောက်ရှိ မြန်မာနိုင်ငံ ဗဟိုဘဏ်နှင့်နီးစပ်သူများအဆိုအရ သိရသည်။

‘‘Kpay ရော Wave အကောင့်တွေပါ ပိတ်တာ။ အဓိက သူတို့စိစစ်တာက KPay နဲ့ Wave အကောင့်မှာ မှတ်ပုံတင်ထားတဲ့ နာမည်၊ လိပ်စာ၊ မှတ်ပုံတင်အမှတ်နဲ့ အကောင့်ဖွင့်ထားတဲ့ ဖုန်းနံပတ် SIM Card မှာ စာရင်းသွင်းထားတဲ့အချက်အလက်တွေ မတူတာနဲ့ တန်းပိတ်လိုက်တယ်။ အရင်တုန်းက တယ်လီနော ခေတ်တုန်းက ဖုန်းကတ်မှတ်ပုံတင်ကြတာ သိတဲ့အတိုင်းပဲ။

အမည်တခုထဲနဲ့ ကတ်ပေါင်း ရာနဲ့ချီ မှတ်ပုံတင်ထားပြီးတော့ အပြင်မှာပြန်ရောင်းချတာတွေ သုံးခဲ့ကြတယ်။ အဲ့ဒီဖုန်းတွေနဲ့ပဲ အကောင့်ဖွင့်တယ်။ အခု မိုဘိုင်းငွေလွှဲတာ မှတ်ပုံတင်ကြတာနဲ့ မတူကြတော့ အပိတ်ခံရတာ။ အကောင့် ၈ ထောင်ကျော်ရှိတယ်။ အဲ့ထဲကပိုက်ဆံက အနည်းဆုံးသိန်း ၂ သောင်းကျော်ရှိတယ်”ဟု ရန်ကုန်မြို့မှ ဗဟိုဘဏ်နှင့်နီးစပ်သော

ဝန်ထမ်းတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီမှ ပိတ်သိမ်းခဲ့သောအကောင့်အရေအတွက်၊ ငွေကြေးပမာဏများနှင့်ပတ်သတ်၍ ဧရာဝတီတိုင်းမ် သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးဘဲ ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

ဧရာဝတီတိုင်းမ်သတင်းဌာန၏ မေးမြန်းစုံစမ်းချက်များအရ မြန်မာနိုင်ငံရှိ ပြည်နယ်နှင့်တိုင်းအများအပြားသာမက ပြည်ပနိုင်ငံများရှိ မြန်မာနိုင်ငံသားများအသုံးပြုနေသော အွန်လိုင်းငွေကြေးအကောင့်များစွာ ပိတ်သိမ်းခံခဲ့ရပြီး ငွေကြေးပမာဏမှာလည်း ကျပ်သိန်းဆယ်ဂဏန်း၊ ရာဂဏန်းအထိ ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

“အများဆုံးအပိတ်ခံရတာက KPay တွေ၊ Wave Money က နည်းတယ်။ ကျွန်မတို့မိတ်ဆွေ လုပ်ငန်းရှင်တွေ၊ အွန်လိုင်းရှော့ပင်းလုပ်တဲ့လူတွေ အများကြီးပဲ အပိတ်ခံရတယ်။ တချို့ဆို ၉ သိန်း၊ ၁၀ သိန်း ပါသွားတယ်။ ကျွန်မအသိထဲတင် KPay အပိတ်ခံရသူ ၂၀ လောက်ရှိတယ်။ အများဆုံးက ငွေဝင်၊ ငွေထုတ်များတဲ့လူတွေ”ဟု ပုသိမ်မြို့မှ အွန်လိုင်းရှော့ပင်းလုပ်ငန်း

လုပ်ကိုင်နေသူအမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ယခုလုပ်ရပ်မှာ ပြည်သူလူထု၏ငွေကြေးများကို မတရားနည်းဖြင့် သိမ်းပိုက်ရယူခြင်းဖြစ်ကြောင်း အကောင့်ပိတ်သိမ်းခံရသူများက ပြောသည်။

‘‘အကောင့်စဖွင့်ကလည်းက ဖုန်းကတ် မှတ်ပုံတင်ထားတာနဲ့ KPay အကောင့် မှတ်ပုံတင်ထားတာနဲ့ တူရမယ်ဆိုတာလည်း သတ်မှတ်ထားတာလည်း မရှိဘူးဗျာ။ ပြီးတော့ ဖုန်းဆင်းမ်ကတ်က ဆိုင်တွေက သူတို့ဘာသာ မှတ်ပုံတင်ထားတဲ့ဟာတွေ တပါတည်းရောင်းပေးနေတာ။ ဒီ KPay တွေလုပ်တုန်းကလည်း ကိုယ့်မှတ်ပုံတင်တွေ ပေးထားပြီး

သေချာမိတ္တူကူးယူထားပြီးမှ ဖွင့်ပေးတာလေ။ အဲဒါကို အခုကျမှ မတူလို့ ပိတ်တယ်ဆိုတော့ ဒါကြီးက စစ်ကောင်စီက တမင်ယုတ်မာပြီးတော့ကို ပြည်သူတွေရဲ့ငွေတွေကို မတရား သိမ်းယူတာပဲ”ဟု KPay အကောင့်ပိတ်သိမ်းခံရသည့် ပုသိမ်မြို့ခံတစ်ဦးက ပြောသည်။

ဓာတ်ပုံ – လူမှုကွန်ရက်

#Kpay #အွန်လိုင်း #စစ်ကောင်စီ #ငွေကြေးအကောင့်

#Ayeyarwaddy_Times